သီပေါမြို့နယ် သျှမ်းလက်နက်ကိုင် ၂ဖွဲ့ တိုက်ပွဲဖြစ် စစ်ရှောင် (၁၀၀)နီးပါး ထွက်ပြေးရ

သီပေါမြို့နယ် သျှမ်းလက်နက်ကိုင် ၂ဖွဲ့ တိုက်ပွဲဖြစ် စစ်ရှောင် (၁၀၀)နီးပါး ထွက်ပြေးရ

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် အတွင်း သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ ၂ဖွဲ့ သည် ယနေ့ (မတ် ၂၃)ရက် နေ့လည်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ရှောင် ၁၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။

ယနေ့ (မတ် ၂၃)ရက် တွင် သီပေါမြို့နယ် ကုန်းဆာကျေးရွာအုပ်စု ဆွန်လုံ၊ ဟတ်လန်၊ ချောင်းဆုံ ကျေးရွာ အနီးတွင် သျှမ်းပြည်တိုးတက်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် ( SSPP/SSA)နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)တိုက်ပွဲဖြစ်ပွားသဖြင့် ဒေသခံ (၁၀၀)ကျော်ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ ဒီနေ့ နေ့လည်ပိုင်းမှာ တိုက်ပွဲဖြစ်တယ်။ အခု စစ်ရှောင်တွေ ၁၀၀နီးပါးတော့ သီပေါမြို့နယ်ထဲရောက်လာတယ်။ အောင်မင်္ဂလာဘိုးတော်ကျောင်းမှာပါ။ တိုက်ပွဲတွေပြင်းထန်နေတုန်းပဲ” ဟု သီပေါ ပရဟိတ အဖွဲ့ဝင် တဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

လက်ရှိမှာတော့ စစ်ရှောင်များအတွက် အခက်အခဲမရှိသေးကြောင်း၊ ပရဟိတအဖွဲ့များ၊ သီပေါမြို့ ပြည်သူများက ကူညီထောက်ပံ့ပေးနေကြောင်းလည်း ၎င်း က ပြောသည်။

“ ကျနော်တို့ တပ်ဖွဲ့ နဲ့ RCSS/SSAတို့ သီပေါနယ်မှာ တိုက်ပွဲဖြစ်တာ ဟုတ်ပါတယ်။ အတည်ပြုနိုင်ပါတယ်။ ကျနော်တို့ ဆွေးနွေးမှုတွေ တော့ ပြုလုပ်နေပါတယ်” ဟု SSPP/SSAမှ တာဝန်ရှိသူတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယနေ့ (မတ် ၂၃)ရက်တွင် RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ်ဖြစ်သည့် SSPP/SSA နှင့် TNLA တို့သည် ကျောက်မဲမြို့ နယ် တော့ဆန်ကျေးရွာအုပ်စု ညောင်မောင်းကျေးရွာတွင် တိုက်ပွဲဖြစ်ကြပြီး လက်နက်ကြီးတလုံးနေအိမ်ပေါ်ကျကာ အမျိုးသားတဦး ပွဲချင်းပြီး သေဆုံးကာ အမျိုးသမီး ၂ဦး ကျည်ထိမှန်ခဲ့ပြီး တိုက်ပွဲကြား ပိတ်မိနေကြောင်း သတင်းရရှိသည်။

ထိုနည်းတူ နမ္မတူမြို့နယ်တွင်လည်း တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းတိုက်ပွဲဖြစ်ကာ အရပ်သား ကျည်ထိမှန်ထားကြောင်း သိရသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...