အမ်းမြို့နယ်တွင် ကြိမ်ခုတ်ရောင်းသူတစ်ဦး မိုင်းနင်းမိ၍ ဒဏ်ရာ အပြင်းအထန်ရရှိ

အမ်းမြို့နယ်တွင် ကြိမ်ခုတ်ရောင်းသူတစ်ဦး မိုင်းနင်းမိ၍ ဒဏ်ရာ အပြင်းအထန်ရရှိ

ချစ်အိလှိုင် - ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ သရက်ပင်ချောင်းကျေးရွာမှ ကြိမ်ခုတ်ရောင်းသူတစ်ဦးသည် မိုင်းနင်းမိ၍ ခြေထောက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသွားသူမှာ ဦးဌေးဌေး(၃၅)နှစ်ဖြစ်ပြီး ယနေ့ နံနက် ၁ဝ နာရီခန့်က အမ်းမြို့နယ် အုန်းတည်ချောင်းတံတားအနီးရှိ တောင်ကုန်းပေါ်တွင် မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။ အဆိုပါဖြစ်စဉ်ကြောင့် ၄င်း၏ ညာဖက်ခြေသလုံးအောက်မှ ပြတ်ထွက်သွားကြောင်း မိသားစုဝင်များက နိရဥ္စရာသတင်းဌာနအား ပြောသည်။

ဦးဌေးဌေး၏ ဇနီး ဒေါ်လွယ်လေးက “ ကြိမ်ခုတ်ဖို့သွားရာမှာ မိုင်းနင်းမိတာပါ။ အခု ဆရာဝန်တွေ သူ့ကို အရေးပေါ်အခန်းထဲသွင်းသွားပါတယ်။ ဒူးအောက်ဖက် ခြေမျက်စိအထက်ကနေ ပြတ်ထွက်သွားပါတယ်။ စိုးရိမ်တာပေါ့ရှင်။ ကိုယ့်အမျိုးသားတစ်ယောက်လုံး ဒီလိုဖြစ်သွားတော့လေ။” ဟုပြောသည်။

ဒဏ်ရာရရှိသူအား မြေပုံမြို့နယ် ကမ်းထောင်းကြီးတိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း ကမ်းထောင်းကြီးမြို့မှ လူမှုရေးလုပ်နေသည့် ဦးဝင်းလှအောင်က ပြောသည်။

“ ခြေထောက်ပြတ်သွားပေမယ့် လူနာက သတိတော့ ရသေးတယ်။ ဆရာဝန်တွေအထဲခေါ်သွားကြတယ်။ မိသားစုတွေနဲ့အတူ ကျွန်တော်တို့လည်း စောင့်ကြည့်နေကြပါတယ်” ဟုု သူက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေအေးအား ဖုန်းဖြင့်ဆက်သွယ်ရာ ဆက်သွယ်မှုမရရှိခဲ့ပါ။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒု-ဗိုလ်မှူးကြီး နေထွန်းလှိုင်အား မေးမြန်းရာ ၄င်းတို့ မိုင်းရှင်းလင်းရေးအဖွဲ့အနေဖြင့် ၄င်းနေရာကို ရောက်ရှိခြင်း ရှိ/မရှိမသိရသေးကြောင်းပြောသည်။

“ ကျွန်တော်မသိသေးဘူးဗျ။ ကျွန်တော်ပြောထားတာပဲ။ ကားလမ်းဘေးယာတွေကို ရှင်းလင်းရေးစလုပ်တာကို။ တောင်ကုန်းပေါ်မှာပေါက်တာဆိုတော့ ကျွန်တော်လည်း ဒီကိစ္စကို မသိသေးဘူး။ ကျွန်တော်တို့ အဖွဲ့တွေကို မေးကြည့်ပါဦးမယ်” ဟုပြောသည်။

အမ်း-စစ်တွေ ပြည်ထောင်စုကားလမ်းမတစ်လျှောက် မိုုင်းရှင်းလင်းမှုကို တပ်မတော်က ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှစတင်ဆောင်ရွက်နေပြီဖြစ်သည်ဟုလည်း သိရသည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...