စစ်တွေမြို့ ဆတ်ရိုးကျချောင်းအတွင်း စစ်အုပ်စုက ရေတပ်စခန်းသစ် တစ်ခု ထပ်မံတည်ဆောက်နေ

စစ်တွေမြို့ ဆတ်ရိုးကျချောင်းအတွင်း စစ်အုပ်စုက ရေတပ်စခန်းသစ် တစ်ခု ထပ်မံတည်ဆောက်နေ

ရခိုင်ပြည်၊ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု ယူဆနေသည့် စစ်အုပ်စု သည် မြို့ပတ်လည်တွင် ခံစစ်စခန်းများ တည်ဆောက်နေပြီး ယခုလဆန်းပိုင်းမှစတင်ကာ မြို့တွင်းပိုင်းကျသည့် ဆတ်ရိုးကျချောင်းအတွင်း၌ ရေတပ်စခန်းသစ်တစ်ခုကို တည်ဆောက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

စစ်တွေမြို့၊ ဆတ်ရိုးကျချောင်းဝတွင် ရှေးယခင်က ဓညဝတီရေတပ်စခန်းဌာနချုပ်ကို ထားရှိခဲ့ဖူးသော်လည်း ၂၀၀၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် အဆိုပါဌာနချုပ်ကို ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်သို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။ လက်ရှိအခြေအနေတွင် စစ်တွေမြို့၌ ရွှေမင်းဂံရေတပ်စခန်းနှင့် အမှတ် (၁၈) ရေတပ်စခန်းတို့သာ ရှိနေသည်။

ရွှေမင်းဂံစခန်းကို အခိုင်အမာ တည်ဆောက်ထားသော်လည်း အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ပုဏ္ဏားကျွန်းမြို့နယ်နှင့် ဆက်စပ်တည်ရှိနေခြင်းကြောင့် လုံခြုံရေးအရ ခြိမ်းခြောက်ခံနေရကာ AA ဘက်ကလည်း လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုများကို ရင်ဆိုင်နေရသည်။

ရွှေမင်းဂံချောင်းဝတွင် ရေတပ်စစ်ရေယာဉ်များ ရပ်နားခဲ့သော်လည်း တိုက်ပွဲများ ပြင်းထန်လာပြီးနောက် ရေယာဉ် များပါ ပစ်ခတ်တိုက်ခိုက်ခံလာရသဖြင့် လက်ရှိတွင် ကုလားတန်မြစ်ဝဘက်အထိ ဆုတ်ခွာရပ်နားကာ စစ်တွေမြို့၏ လုံခြုံရေးကို ယူထားရကြောင်း သိရသည်။

ရွှေမင်းဂံရေတပ်စခန်းသည် တိုက်ပွဲဖြစ်လာပါက ပထမဆုံး တိုက်ခိုက်ခံရမည့်စခန်းဖြစ်နေခြင်းကြောင့် ယခုကဲ့ သို့ ပိုမိုအတွင်းပိုင်းကျပြီး လူနေရပ်ကွက်များနှင့် နီးကပ်စွာတည်ရှိသည့် ဆတ်ရိုးကျချောင်းအတွင်း၌ ရေတပ်စခန်းကို အသစ်တဖန် တည်ဆောက်လာခြင်းဖြစ်ကြောင်း စစ်ရေးအကဲခတ်သူ တစ်ဦးက ရှင်းပြသည်။

“အခုလက်ရှိ ရေတပ်စခန်းကို ဆတ်ရိုးကျချောင်းတံတားအောက်မှာ တည်ဆောက်နေပြီး လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ အတိုက်အခိုက်မခံရအောင် တံတားအောက်ဘက်ကို ရွေးချယ်တည်ဆောက်တာ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် စစ်တွေတစ်ဖက်ကမ်းရှိ ဆတ်ရိုးကျတံတားမှ ရွှေမင်းဂံရေတပ်စခန်းတစ်လျှောက်ရှိ ရခိုင်ကျေးရွာများကို လည်း ဖျက်ဆီးရှင်းလင်းထားပြီး ယင်းလမ်းတစ်လျှောက်တွင် စစ်တပ်၏ တပ်စခန်းငယ် အများအပြားကိုလည်း တိုးချဲ့တည်ဆောက်ထားကြောင်း ဆိုသည်။

စစ်အုပ်စုသည် စစ်တွေမြို့အတွင်းသို့ AA ဝင်ရောက်လာနိုင်သည်ဟု ယူဆရသည့် လမ်းကြောင်းတိုင်းတွင် စစ်စခန်းငယ်များ တည်ဆောက်ခြင်း၊ ကတုတ်ကျင်းနှင့် ဘန်ကာများ ဆောက်လုပ်ခြင်း၊ မိုင်းထောင်ခြင်းနှင့် ခြံစည်းရိုးခတ်ခြင်းများကို အဓိကထား လုပ်ဆောင်နေသည်။

တစ်ဖက်တွင်လည်း စစ်အင်အားများကို ပိုမိုဖြည့်တင်းထားပြီး စစ်တွေမြို့နယ်အတွင်းရှိ မွတ်ဆလင်များကိုပါ စစ်သင်တန်းများပေးကာ စစ်စခန်းများတွင် တာဝန်ထမ်းဆောင်ခိုင်းလျက်ရှိနေသည်။

August 7, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာ ၁၀၆ ရွာတို့တွင် ဩဂုတ်လ ၆ ရက်နေ့အထိ...
August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...
August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...
August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...