လေးမျက်နှာမြို့နယ်တွင် ရေကြီးနစ်မြုပ်မှုကြောင့် လူသေဆုံးမှုများ ရှိလာ

လေးမျက်နှာမြို့နယ်တွင် ရေကြီးနစ်မြုပ်မှုကြောင့် လူသေဆုံးမှုများ ရှိလာ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာ ၁၀၆ ရွာတို့တွင် ဩဂုတ်လ ၆ ရက်နေ့အထိ ရေကြီးနစ်မြုပ်မှုများ ဆက်လက်ဖြစ်ပေါ်နေပြီး လူသေဆုံးမှုများအထိ ရှိလာကာ ဖုန်းလိုင်းအချို့လည်း ပြတ်တောက်နေကြောင်း ဒေသခံများနှင့် ပရဟိတဆောင်ရွက်နေသူများက ပြောသည်။

ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် ၅ ခု၊ ကျေးရွာ ၁၀၆ ရွာတို့မှ အိမ်ခြေ ၇,၇၃၄ အိမ်၊ အိမ်ထောင်စု ၇,၅၈၅ စုတို့မှာ ရေဘေးသင့်ခဲ့ရပြီး လူဦးရေ ၃၂,၆၀၇ ဦးမှာ ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေကြရကြောင်း အာဏာသိမ်းစစ်တပ်ကလည်း ထုတ်ပြန်ထားသည်။

လေးမျက်နှာမြို့ဒေသခံ အမျိုးသားတစ်ဦးက “လေးမျက်နှာမြို့ အမှတ် (၃) ရပ်ကွက်က သက်ကြီး အမျိုးသမီး တစ်ယောက် သေတယ်။ အိုင်သပြုကျေးရွာ အောင်မင်္ဂလာရပ်ကွက်က ထမင်းထုတ်သွားဝေတဲ့ လူငယ်တစ် ယောက် သေတယ်။ အခု ပြည်သူက ကိုယ့်ကိုယ်ကိုယ် ကယ်ဆယ်နေရတာပါ” ဟု ပြောပြသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၄ ရက် ညနေပိုင်းတွင် လေးမျက်နှာမြို့ အမှတ် (၃) ရပ်ကွက်အတွင်း ရေမြုပ်နေသည့် နေအိမ်တစ်လုံးထဲမှ အသက် ၆၉ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့ပြီး ဩဂုတ်လ ၅ ရက်နေ့တွင် လည်း အိုင်သပြုကျေးရွာ အောင်မင်္ဂလာရပ်ကွက်အတွင်း ရေစီးနှင့်မျောပါသွားခဲ့သည့် အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ထပ်မံတွေ့ရှိခဲ့ရသည်။

ဒေသခံတစ်ဦးက “လေးမျက်နှာမြို့နယ်ထဲက တချို့နေရာတွေ ဖုန်းလိုင်းတွေ ပြတ်တောက်နေတဲ့အတွက် ဘယ်နေရာမှာ ဘယ်လိုအခြေအနေ ရှိတယ်ဆိုတာ တော်တော်ခက်ခက်ခဲခဲ လုပ်နေရတာပါ။ သေဆုံး ပျောက်ဆုံး သူတွေလည်း ထပ်ရှိနိုင်ပါတယ်” ဟု ပြောသည်။

ရေစီးနှင့်မျောပါသွားသည့် လူငယ်အား လူမှုကယ်ဆယ်ရေးအဖွဲ့များက လိုက်လံရှာဖွေခဲ့ကြရာ နံနက် ၁၁ နာရီခန့် တွင် ရုပ်အလောင်းကို တွေ့ရှိခဲ့ရသဖြင့် ဟင်္သာတမြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။ ဩဂုတ်လ ၄ ရက် နံနက် ၇ နာရီအချိန်၌ လေးမျက်နှာမြို့နယ် အမှတ် (၃) ရပ်ကွက်တွင် သေဆုံးခဲ့သူမှာ စိတ်ကျန်းမာရေး မကောင်း သူတစ်ဦး ဖြစ်သည်။

ထို့ပြင် ဩဂုတ်လ ၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်ကလည်း လေးမျက်နှာမြို့နယ်၊ သခွပ်ချောင်းကျေးရွာအုပ်စု၊ ဂျမ်းကုန်းကျေးရွာရှိ နေအိမ်အပေါ်ထပ်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးမှာ အစာအိမ်သွေးကြောပေါက်သည့် ဝေဒနာကို ခံစားနေရသဖြင့် ပရဟိတအဖွဲ့များက ဟင်္သာတမြို့ ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၌ ဇူလိုင်လ ၃၀ ရက် ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့် ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဩဂုတ်လ ၆ ရက်နေ့ အထိ လေးမျက်နှာမြို့ပေါ်ရပ်ကွက် ၅ ခု၊ မြို့တွင်းလမ်းမကြီးများနှင့် ပတ်ဝန်းကျင်ကျေးရွာ ၇၂ ရွာ၊ ဟင်္သာတမြို့နယ် ၂၆ ရွာ၊ ရေကြည်မြို့နယ် ၆ ရွာနှင့် ကျုံပျော်မြို့နယ် ၂ ရွာ စုစုပေါင်း ကျေးရွာ ၁၀၆ ရွာတို့ တွင် ရေဝင်ရောက်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိနေသည်။

ငဝန်ရေကာတာ ပျက်စီးမှုကြောင့် လေးမျက်နှာမြို့နယ်တစ်ခုတည်းတွင်ပင် ပြည်သူသုံးသောင်းကျော်မှာ ရေဘေး သင့်ဒုက္ခရောက်နေကြရသည်။

August 8, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု ယူဆနေသည့် စစ်အုပ်စု...
August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...
August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...
August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...