အမျိုးသားယဉ်ကျေးမှုများ ထိန်းသိမ်းကြရန် ကရင်နှစ်သစ်ကူးနေ့တွင် ကရင်ဝန်ကြီးဟောင်း တိုက်တွန်းပြောဆို

အမျိုးသားယဉ်ကျေးမှုများ ထိန်းသိမ်းကြရန် ကရင်နှစ်သစ်ကူးနေ့တွင် ကရင်ဝန်ကြီးဟောင်း တိုက်တွန်းပြောဆို

စောရှား — ကရင်အမျိုးသားယဉ်ကျေးမှုလက္ခဏာများကို ထိန်းသိမ်းသွားရန် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ လျှပ်စစ်ဝန်ကြီး ဟောင်း စောကြည်လင်းက ဖားအံမြို့အရှေ့မြောက်ဖက်ရှိ ဖလုံပညာ့တဝေါင့်(တောင်ကလေးရွာ၊ ဘောလုံးကွင်း)၌ ပြုလုပ်သော ကရင်နှစ်သစ်ကူးနေ့၌ တိုက်တွန်းပြောကြားလိုက်သည်။

ယနေ့ ပြာသိုလဆန်း ၁ရက်(ဇန်နဝါရီ ၁၃ရက်)၌ ကျရောက်သော ၂၇၆၀နှစ် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနား ကျင်းပ အပြီးတွင် လက်ရှိ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူးလည်းဖြစ်ပြီး အခမ်းအနားသဘာပတိလည်းဖြစ်သူ စောကြည်လင်းက ကေအိုင်စီမှတဆင့် ယခုလို ပြောကြားလိုက်ခြင်းဖြစ်သည်။

“ကရင်တွေ စည်းလုံးညီညွတ်ရေးက အဓိကပါပဲ။ ကရင်တွေရဲ့ ယဉ်ကျေးမှုနဲ့ဆိုင်တာ အရာတွေအားလုံးဟာ ကရင်လူ မျိုးတည်ရှိသရွေ့ကတော့ မပျောက်ပျက်ဖို့ အရေးကြီးပါတယ်။ ပျောက်ပျက်ရင် ကရင်လူမျိုးကတော့ ပျောက်မှာပဲ။ အဲတော့ နှစ်သစ်နဲ့အတူ မိမိတို့ရဲ့ အမျိုးသားယဉ်ကျေးမှုတွေကို ထိန်းသိမ်းနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။”ဟု ပြောသည်။

ကရင်ယဉ်ကျေးမှု ၅ရပ်ထဲတွင် ကရင်တို့၏ စာပေ၊ စကား၊ ရိုးရာဓလေ့၊ ဝတ်စားဆင်ယင်မှုအသုံးအဆောင်၊ အဆိုအက၊ အရေး၊အတီး အနုသုခုမများ ပါဝင်ကြောင်းလည်း သိရသည်။  

ဖလုံပညာ့တဝေါင့်၌ ပြုလုပ်သည့် (၂၉)ကြိမ်မြောက် ကရင်နှစ်သစ်ကူးနေ့အခမ်းအနားသို့ အနီးအနားပတ်ဝန်းကျင် ရပ် ကွက်၊ ရပ်ရွာများမှ လူထုများ တက်ရောက်ခဲ့ကြပြီး အမျိုးသားအလံတော်လွှင့်ထူခြင်း၊ နှစ်သစ်သဝဏ်လွှာဖတ်ကြား ခြင်း၊ ဒုံးအကများဖြင့် ဖျော်ဖြေခြင်း၊ ကောက်သစ်စားခြင်း၊ သက်ငယ်မြေဝိုင်းလက်ဝှေ့ထိုးခြင်းများ ပြုလုပ်ခဲ့သည်။

အခမ်းအနားတက်ရောက်ခဲ့သော တောင်ကလေးရွာမှ စောနိုင်ဆက်အောင်က “ကိုဗစ်-၁၉ ရှိနေလို့ ခါတိုင်းနှစ်လောက် တော့ မပျော်ဘူး။ သိပ်ပြီး မလွတ်လပ်ဘူး။ ကရင်နှစ်သစ်ကူးနေ့မပျောက်ရအောင်တော့ နှစ်စဉ်နှစ်တိုင်း အစဉ်အလာ မပျက် ထိန်းသိမ်းရမှာပဲလေ။”ဟု ပြောသည်။

ယခုနှစ် ကရင်နှစ်သစ်ကူးနေ့ကို ကရင်ပြည်နယ်အစိုးရအနေဖြင့်လည်း ပြည်နယ်အစိုးရရုံးဝင်းအတွင်း၌ အခမ်းအနား ပြုလုပ်ကာ ကျင်းပခဲ့ကြသကဲ့သို့ ကိုဗစ်ကာလ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ပြည်နယ်အတွင်းရှိ မြို့ နယ်၊ ကျေးရွာနှင့် အစုအဖွဲ့အလိုက်လည်း အသီးသီး ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အင်္ဂလိပ်ကိုလိုနီခေတ်တွင် အစိုးရအသိအမှတ်ပြု ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ရရှိရေးအတွက် ၁၉၃၇ခုနှစ်၌ ကရင် အမျိုးသား အောက်လွှတ်တော်အမတ် ၁၂ဦးက ပါလီမန်(လွှတ်တော်)တွင် လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြပြီး ကရင် အမျိုးသား အထက်လွှတ်တော်အမတ် ၂ဦးတို့က ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြသည်။ ထို့နောက် ၁၉၃၈ခုနှစ်မှစ၍ ကရင်နှစ်သစ်ကူးနေ့ကို တရားဝင် စတင် ကျင်းပလာခဲ့ကြရာ ယခုတစ်ကြိမ်မှာ ၈၃ကြိမ်မြောက် ဖြစ်သည်။

လက်ရှိ ပြည်ထောင်စု မြန်မာနိုင်ငံသို့ ကရင်လူမျိုးများ ဒုတိယအစုအဖြစ် ဝင်ရောက်လာခဲ့သည့် ခရစ်နှစ် မတိုင်မီ ဘီစီ- ၇၃၉ခုနှစ်မှ စတင်ရေတွက်လျှင် ယခုအခါ ကရင်နှစ် ၂၇၆၀ခုနှစ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

Most read this week

August 11, 2026
ကရင်အမျိုးသားအစည်းအရုံး - KNU ထိန်းချုပ်နယ်မြေ၊ ဘိတ်-ထားဝယ်ခရိုင်အတွင်း မိုးရာသီကာလ ဒေသခံ...
ဓါတ်ပုံ - KILC
August 11, 2026
ဒေသအသီးသီးမှ အလွှာစုံ ကရင်မျိုးဆက် ခေါင်းဆောင်များနှင့် လူငယ်များ ပါဝင်မည့် တတိယအကြိမ်မြောက်...
August 11, 2026
ထိုင်းရောက် မြန်မာအလုပ်သမားများ အထောက်အထားကိစ္စ အပါအဝင် ဦးမင်းအောင်လှိုင်ကို ဆန္ဒပြခဲ့သည့်...
ဓါတ်ပုံ - KIC
August 10, 2026
တောင်ငူ-သံတောင်ကြီး လမ်းပေါ်ရှိ ပျားစခန်းကျေးရွာအနီး စစ်အုပ်စု တပ်ဖွဲ့ဝင်များ...