အဂတိဖြင့်တိုင်ကြားခံထားရသည့် ရခိုင်ဝန်ကြီးနှစ်ဦးကိုအရေးယူရန် ကုမ္ပဏီဒါရိုက်တာတစ်ဦးက သတင်းစာရှင်းလင်းပွဲလုပ်ပြီး တောင်းဆို

အဂတိဖြင့်တိုင်ကြားခံထားရသည့် ရခိုင်ဝန်ကြီးနှစ်ဦးကိုအရေးယူရန် ကုမ္ပဏီဒါရိုက်တာတစ်ဦးက သတင်းစာရှင်းလင်းပွဲလုပ်ပြီး တောင်းဆို

ထွန်းခိုင် (တောင်ရင်းကျွန်း)၊ သျှင်မင်းဇံ — ကုမ္ပဏီမှ ဒါရိုက်တာတစ်ဦးက အဂတိလိုက်စားသည်ဟုဆိုကာ တိုင်ကြားထားသည့် ရခိုင်ဝန်ကြီးနှစ်ဦး၏ အမှုအား စစ်ဆေးပြီး အမှုမှန် ပေါ်ပေါက်ခဲ့လျှင် အရေးယူပေးရန် ယနေ့ နံနက်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့  အာရီယန်စားသောက်ဆိုင်တွင် ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် ကုမ္ပဏီမှဒါရိုက်တာတစ်ဦးက တောင်းဆိုခဲ့သည်။

၎င်းတောင်းဆိုမှုကို ယနေ့ နံနက်က စစ်တွေမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဝတီရွှေမြေ ကုမ္ပဏီမှ ဒါရိုက်တာ ဦးနှင်းထွန်းတိုးက တောင်းဆိုခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့က အမှုမှန်တကယ်လို့ ပေါ်ပေါက်တယ်ဆိုရင် အရေးယူစေချင်တယ်။ ကျနော်တို့ မဟုတ်မမှန် လုပ်ကိုင်တိုင်ကြားထားတာလည်း မဟုတ်ဘူး။ ဒီဟာကို သက်သေအထောက်အထားပေါင်း မြောက်များစွာနဲ့ တိုင်ကြားထားတာဖြစ်ပါတယ်။ အဲဒီတွက် အမှုမှန် ပေါ်ပေါက်တယ်ဆိုရင် ကျနော်တို့ အရေးယူစေချင်တယ်” ဟု ၎င်းက ပြောကြားသည်။

အဆိုပါ ရခိုင်ဝန်ကြီးနှစ်ဦးမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်တို့ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြည်နယ်စီမံ/ ဘဏ္ဍာဝန်ကြီး ဦးကျော်အေးသိန်းကို မြောက်ဦးမြို့၊ ပျံကျစျေးတည်ဆောက်ရန် တင်ဒါပေးသည့် အခါတွင် ပွင့်လင်းမြင်သာမှုမရှိဘဲ တင်ဒါစည်းကမ်းကို ချိုးဖောက်သည်ဟုဆိုကာ တိုင်းကြားခဲ့ခြင်းဖြစ်ပြီး၊ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်အား မြောက်ဦးမြို့တော်ခန်းမ တည်ဆောက်ရန်အတွက် လုပ်ငန်း တင်ဒါပေးသည့် အခါတွင် လုပ်ငန်းဆက်လက်လုပ်နေသည့် ကုမ္ပဏီကိုမပေးဘဲ တခြားကုမ္ပဏီကို တင်ဒါ ခေါ်ယူ ပေးခဲ့ပြီး တင်ဒါမူဝါဒကို ချိုးဖောက်သည်ဟုဆိုကာ ၂ဝ၁၈ ခုနှစ်ကတည်းက အဂတိကော်မရှင်ထံ ဦးနှင်းထွန်းတိုးက တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရခိုင်ဝန်ကြီးနှစ်ဦးအား အဂတိလိုက်စားမှုဖြင့် တိုင်းကြားခဲ့သဖြင့် တိုင်ကြားသူများ၏ ကုမ္ပဏီများကို နာမည် ပျက်စာရင်းထဲတွင် ထည့်လိုက်သဖြင့် နစ်နာမှုများဖြင့် ကြုံတွေ့နေရသည်ဟု ၎င်းက ပြောကြားသည်။

လက်ရှိတွင် နာမည်ပျက်စာရင်း အသွင်းခံထားရသော ကုမ္ပဏီ ၆ ခုရှိပြီး အဆိုပါ ကုမ္ပဏီများမှာ ဘဝသစ်၊ အောင်ခိုင်ဦး၊ မြောက်ဦးရွှေနန်းမြေ၊ အဥ္စနအားမာန်၊ ဝတီရွှေမြေနှင့် သီဟရာဇာထွန်းကုမ္ပဏီတို့ဖြစ်ကြောင်း ဆိုသည်။

အဆိုပါကုမ္ပဏီများအား နာမည်ပျက်စာရင်းသွင်းထားသဖြင့် တင်ဒါလုပ်ငန်းများကို မလုပ်ကိုင်ရသည်မှာ ၃ နှစ်ခန့်နီးပါးရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

“ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို မဟုတ်မမှန်တိုင်ကြားတယ်ဆိုပြီးတော့ ကျနော်တို့ ကုမ္ပဏီ ၆ ခုကို နာမည် ပျက်စာရင်းသွင်းတယ်။ အဲလို့မျိုးအမည်ပျက်စာရင်းသွင်းတာက ဘယ်ဥပဒေမှာလည်း ပြဌာန်းချက်မရှိဘူး။  အဲလိုမျိုးအမည်ပျက်စာရင်းသွင်းတာကိုလည်း ကျနော်က စဉ်စားလို့မရဘူးဖြစ်နေတယ်” ဟုပြောသည်။

သို့သော် အမည်ပျက်စာရင်းသွင်းခံထားရသော ဝတီရွှေမြေကုမ္ပဏီတွင် ဒါရိုက်တာ ၃ ဦးရှိရာတွင် တစ်ဦးမှာ တစ်ခြားကုမ္ပဏီ ၃ ခုထောင်ထားပြီး တင်ဒါများ ရခိုင်ပြည်နယ်အစိုးရထံမှ ရရှိနေခြင်းမှာလည်း အံ့သြစရာ ဖြစ်နေကြောင်း ၎င်းက ပြောသည်။

“ ဘာလို့လဲဆိုတော့ အမည်ပျက် စာရင်းသွင်းခံရတဲ့ ကျနော်တို့ ကုမ္ပဏီမှာဆိုရင် ဒါရိုက်တာ ၃ ယောက် ပါတယ်။ ၃ ယောက်ထဲမှာ ၁ ယောက်က တခြားကုမ္ပဏီ ၃ ခုထောင်ပြီးတော့ တင်ဒါလုပ်ငန်းကို ဆက်တိုက် လုပ်လာတယ်။ ဒါကို အစိုးရမသိတာလည်း မဟုတ်ဘူး။ အခုလည်း သူတင်ဒါလုပ်ငန်းနဲ့ရနေတယ်။ အဲတွက် ဒီအပေါ်မှာလည်း သူနဲ့ အစိုးရနဲ့များ တစ်စုံတစ်ခု နောက်ကွယ်က အပေးအယူများရှိနေသလား။ နာမည်ပျက်စားရင်သွင်းတာက ဒါရိုက်တာ  ၃ ယောက်စလုံးကို သွင်းထားတယ်။ သွင်းထားရက်သားနဲ့ တစ်ယောက်က တင်ဒါလုပ်ငန်းကို ရနေတယ်ဆိုတော့ ဒါကမတရားဘူး။ ဒါ ဥပဒေနဲ့လည်း မညီညွတ်ဘူး” ဟုပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်မှုမရှိသည့်အတွက် ပြည်ထောင်စုအစိုးရအနေဖြင့် ၄င်းကိစ္စအား အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်ပေးပြီး အရေးယူပေးဖို့ တောင်းဆိုချင်ကြောင်း ဦးနှင်းထွန်းတိုးက ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါကိစ္စများနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းနှင့်၊ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်တို့၏ သဘောထားအားရယူရန် နိရဥ္စရာသတင်းဌာနမှ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပါ။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...