ပလက်ဝမြို့နယ်တွင် ရေလမ်း၊ ကုန်းလမ်းများကို မဖွင့်ပေးသေး၍ စားဝတ်နေရေးအခက်ကြုံနေကြ

ပလက်ဝမြို့နယ်တွင် ရေလမ်း၊ ကုန်းလမ်းများကို မဖွင့်ပေးသေး၍ စားဝတ်နေရေးအခက်ကြုံနေကြ
ဓာတ်ပုံ-ဆောက်လုပ်ရေးဝန်ကြီးဌာန
ဓာတ်ပုံ-ဆောက်လုပ်ရေးဝန်ကြီးဌာန

ဉာဏ်ဟိန်း — ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ရေကြောင်းလမ်း၊ ကုန်းလမ်းများကို ဖွင့်ပေးရန် တပ်မတော်နှင့် ချင်းပြည်နယ်အစိုးရအဖွဲ့ကို စာတင်တောင်းဆိုထားသည်မှာ (၁)လနီးပါး ရှိသော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်လာခြင်း မရှိသည့်အတွက် စားဝတ်နေရေးအခက်ကြုံနေရကြောင်း ဒေသခံများထံမှ သိရသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောက်တော်-ပလက်ဝ ရေလမ်းကြောင်းကို ပိတ်ပင်ထားသည်မှာ ၁ နှစ်ကျော်ကြာမြင့်လာခဲ့ပြီး လမ်းများကိုဖွင့်ပေးရန် တောင်းဆိုထားခြင်းဖြစ်ကြောင်း ပလက်ဝမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်လောဟာက DMG သို့ပြောသည်။

“အခုက တပ်မတော်နဲ့ AA တို့ အပစ်ခတ်ရပ်စဲထားတယ်ဆိုတော့ ကျတော်တို့က ကုန်းလမ်း၊ ရေလမ်းတွေကို ဖွင့်ပေးဖို့အတွက် တပ်မတော်နဲ့ ချင်းပြည်နယ်အစိုးရအဖွဲ့ကို စာတင်ထားတယ်။ တင်ထားတာကတော့ (၃)ပတ် ကျော်လောက်ရှိပြီ။ ဒီနေ့အချိန်ထိ အကြောင်းပြန်လာတာ မရှိသေးပါဘူး။ သူတို့မှာလည်း စာအကြောင်းပြန်ဖို့အတွက် ဘယ်လိုမျိုးအခက်ခဲတွေရှိတယ်ဆိုတာတော့ မသိဘူး” ဟု ၎င်းကဆိုသည်။

ထိုသို့ လမ်းကြောင်းများ မဖွင့်ပေးသေး၍ ဒေသခံများမှာ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးများ စသည်ဖြင့် အခက်အခဲဖြစ်ပေါ်နေကြကြောင်း ပလက်ဝဒေသခံ ကိုတင်ထွန်းအောင်က ပြောသည်။

“အခုလို အပစ်ရပ်စဲထားတဲ့ကာလမှာ လမ်းကြောင်းတွေ ဖွင့်ပေးစေချင်တယ်။ ဘာဖြစ်လို့ဆိုတော့ အခုက ဆန်တစ်အိတ်ကိုတောင် ခုနှစ်သောင်းကျော်ထိ ပေးနေရတယ်။ နောက်ပြီးတော့ ကျန်းမာရေးဆိုရင်လည်း အခုလိုကာလမှာ ဆေးဝါးတွေက မလုံလောက်ဘူး။ အခက်အခဲတွေကတော့ အများကြီးရှိပါတယ်” ဟု ၎င်းကဆက်၍ ရှင်းပြသည်။

ချင်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်က “ ကျနော့်အနေနဲ့ကတော့ ကုန်းလမ်းမဖွင့်ရင်တောင်မှ ရေလမ်းဖွင့်ပေးဖို့အတွက် သက်ဆိုင်ရာတွေကိုတော့ ပြည်သူတွေရဲ့ လိုအပ်ချက်အတိုင်း တင်ပြတာတွေတော့ရှိခဲ့တယ်” ဟု ဆိုသည်။

ကုန်းလမ်း၊ ရေလမ်းကြောင်းများဖွင့်ပေးရန် စာတင်တောင်းဆိုထားသည့် ကိစ္စနဲ့ပတ်သက်ပြီး မည်သို့ ဆောင်ရွက်ထားသည်ကို သိရှိနိုင်ရန် ချင်းပြည်နယ် အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထိုက်ကို DMG မှ ဖုန်းအကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...
စစ်ဘေးတိမ်းရှောင်နေရသည့် ပုဏ္ဏားကျွန်းဒေသခံအချို့ - ပုံဟောင်း / APM
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ် အစပ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ပုဏ္ဏားကျွန်းနှင့်...
Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...