တင်းမကျေးရွာသားများ ပျောက်ဆုံးနေမှုကို အမှုဖွင့်ရာတွင် ရဲတပ်ဖွဲ့ဝင်များက မချေမငံဆက်ဆံဟု မိသားစုဝင်များပြော

တင်းမကျေးရွာသားများ ပျောက်ဆုံးနေမှုကို အမှုဖွင့်ရာတွင် ရဲတပ်ဖွဲ့ဝင်များက မချေမငံဆက်ဆံဟု မိသားစုဝင်များပြော

နှင်းနွယ် - ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာသားများ ပျောက်ဆုံးနေမှုနှင့်ပတ်သက်၍ အမှုထပ်ဖွင့်တိုင်ကြားရန် ယင်းကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် မိသားစုဝင်များက ရဲစခန်းသို့ သွားရောက်ခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များက မချေမငံဆက်ဆံလိုက်ကြောင်း မိသားစုဝင်များက DMG ကိုပြောဆိုသည်။

အဆိုပါကျေးရွာမှ အုပ်ချုပ်ရေးမှူးအပါအဝင် ဖမ်းဆီးခံရသူများ၏မိသားစုဝင်(၂၀)ခန့်သည် ယမန်နေ့(ဒီဇင်ဘာလ ၈ ရက်)ညနေ (၃)နာရီအချိန်ခန့်က ကျောက်တော်မြို့မရဲစခန်းသို့ အမှုတိုင်တန်းစာများ ယူဆောင်ကာသွားရောက်ခဲ့ရာ ရဲစခန်းမှ တာဝန်ရှိသူများက စကားဖြင့်ပြောဆိုခြိမ်းခြောက်မှုများရှိကြောင်း တင်းမကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ဝင်းက ပြောသည်။

“ဂတ်စာရေးက ဘယ်သွားလဲမေးတော့ ကျနော်က သားတစ်ယောက်အဖမ်းခံရတဲ့ကိစ္စ အရင်တုန်းကတိုင်ထားတာ ဘာမှမထူးလို့ ပြန်လာတိုင်တာလို့ပြောတယ်။ သူက ခင်ဗျားကို ဖမ်းထားလို့ရတယ်ဆိုပြီး ကျနော့်ကိုပြောပြီးတော့ အပြင်ထွက်ပြီးဖုန်းဆက်တယ်။ ဖုန်းက ဘယ်ကိုဆက်မှန်းလည်းမသိဘူး။ ပြီးတော့ အပြင်ကတံခါးကိုလည်း သွားပိတ်တယ်။ ကျနော်လည်း ဒါ မရိုးသားဘူးဆိုပြီးတော့ အုတ်နံရံကိုကျော်ပြီး ထွက်ပြေးလာရတယ်” ဟု ၎င်းကပြောသည်။

ထို့နောက် ကျေးရွာသားအချို့သာ ရဲစခန်း၌ကျန်ရှိနေခဲ့ကာ စကားများအပြန်အလှန်ပြောဆိုပြီးနောက် ခဏအကြာတွင် အမှုတိုင်တန်းစာများအား ထားခဲ့ရန် စခန်းတာဝန်ရှိသူများက ပြောဆိုခဲ့ကြောင်း စခန်း၌ ကျန်ရှိနေခဲ့သည့် ဖမ်းဆီးခံရသူ ကိုထွန်းမောင်ဝင်း၏ဇနီး မခင်မြင့်ဝင်းကပြောသည်။

“ပထမတော့ ဂတ်စာရေးက စစ်တပ်ကဖမ်းသွားတာကို စစ်တပ်ကိုမခိုင်းဘဲ ငါတို့ကိုအလုပ်ရှုပ်အောင် လာလုပ်တယ်ဆိုပြီး အဲဒီကိစ္စကို မလုပ်ပေးချင်သလိုမျိုးပြောတယ်။ နောက်တော့ အမှုတိုင်စာကိုထားခဲ့ဆိုပြီး ပြောလို့ထားခဲ့တယ်။ လုပ်ပေးမယ်၊မလုပ်ပေးဘူးဆိုတာကို နောက်မှပဲသိရမယ်။ ကျမတို့ကတော့ ဒီအမှုကို အောက်ခြေမှာမလျှိုထားဘဲ အထက်ကလူကြီးတွေသိအောင် လုပ်ပေးစေချင်တယ်” ဟု ၎င်းကပြောသည်။

နိုဝင်ဘာလ(၂၇)ရက်နေ့ကပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရဲစခန်းသို့တိုင်ကြားနိုင်ကြောင်း ပြောဆိုခဲ့သဖြင့် မျှော်လင့်တကြီးဖြင့် သွားရောက်ခဲ့သော်လည်း ယခုကဲ့သို့ ဆက်ဆံခံခဲ့ရသဖြင့် ကျေနပ်မှုမရှိကြောင်း မိသားစုဝင်များကပြောသည်။

“ရဲစခန်းမှာ သက်သေအထောက်အထားတွေနဲ့ တိုင်လို့ရတယ်ဆိုတဲ့ စကားတစ်ခွန်းကြောင့် ကျနော်တို့က ဝမ်းသာအားရနဲ့သတင်းအစအနကို ပြန်ဖော်ထုတ်ဖို့သွားကြတာ။ အဲဒါကို ဖမ်းမယ်၊ဆီးမယ်ဆိုပြီး အပြောခံရတော့ မိသားစုဝင်တွေအနေနဲ့ ဘယ်လိုကျေနပ်မှုရှိမလဲ။ ကျနော်တို့သိချင်တာက သူတို့ဖမ်းသွားတယ်ဆိုရင် ဖမ်းသွားတယ်။ သူတို့ကိုသတ်ပစ်လိုက်ပြီဆိုရင် သတ်ပစ်လိုက်ပြီဆိုတာကို ပွင့်ပွင့်လင်းလင်းသိချင်တယ်” ဟု အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ဝင်း က ပြောသည်။

ထိုသို့ မိသားစုဝင်များ၏ ပြောဆိုချက်များနှင့်ပတ်သက်ပြီး ဖြစ်စဉ်အားအသေးစိတ်သိရှိရရန် ကျောက်တော်မြို့မ ရဲစခန်းသို့ DMG က ဖုန်းဖြင့်ဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

တင်းမကြီးကျေးရွာနှင့် တင်းမ(သစ်)ကျေးရွာသား (၁၈)ဦးတို့မှာ ယခုနှစ်၊ မတ်လ(၁၆)ရက်နေ့က နေအိမ်အတွင်း၌ မိသားစုဝင်များနှင့်အတူရှိနေစဉ် ကျေးရွာအနီးရှိ တောင်ရှည်တောင်၌ တပ်စွဲနေထိုင်နေသည့် တပ်မတော်သားများ၏ ဝင်ရောက်ဖမ်းဆီးမှုကို ခံခဲ့ရခြင်းဖြစ်ကြောင်း မိသားစုဝင်များ၏ ပြောဆိုချက်အရ သိရှိရသည်။

ယင်းပြင် ကျေးရွာသားများထွက်ပြေးစဉ်က ရွာစောင့်အဖြစ်ကျန်ရှိနေခဲ့သည့် ဒေသခံသုံးဦးမှာလည်း ယနေ့အချိန်ထိ သတင်းအစအနမရဘဲ ပျောက်ဆုံးနေကြောင်းလည်း ဒေသခံများကပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်ထံ ဖမ်းဆီးခံရပြီးနောက် မိသားစုဝင်များနှင့် အဆက်အသွယ်မရရှိဘဲ သတင်းအစ အနပျောက်ဆုံးနေသူမှာ (၃၀)ဦးထက်မနည်းရှိကြောင်း ပျောက်ဆုံးနေသူများ၏ မိသားစုဝင်များထံမှတဆင့် သိရသည်။

ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...