နှင်းနွယ် — တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲကာလအတွင်း နေအိမ်မီးလောင်ဆုံးရှုံးခဲ့ရသည့် မီးဘေးသင့် ပြည်သူများအား အိုးအိမ်ပြန်လည်ထူထောင်ရေး လုပ်ဆောင်ပေးရန် စီစဉ်ဆောင်ရွက်နေကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
လက်ရှိအချိန်၌ တိုက်ပွဲများရပ်တန့်ကာ နယ်မြေဒေသတည်ငြိမ်နေသည့်အတွက် စစ်ဘေးရှောင် လေးသောင်းကျော်မှာ နေရပ်ပြန်သွားကြသော်လည်း အချို့မှာ နေအိမ်မီးလောင်ပျက်စီးသွားသည့်အတွက် နေရပ်ပြန်ရန် အခက်အခဲဖြစ်နေကြသည်။
ထို့ကြောင့် ပြည်နယ်အစိုးရအဖွဲ့မှ မီးလောင်ပျက်စီးသွားသည့်ကျေးရွာများအား မြို့နယ်အလိုက် စာရင်းများ ကောက်ယူကာ ပြန်လည်ထူထောင်ပေးရန် စီစဉ်လျှက်ရှိကြောင်း သိရသည်။
“လောလောဆယ်တော့ စာရင်းကကောက်နေတုန်းပဲရှိသေးတယ်။ စာရင်း၊ဇယားတွေက မတက်လာသေးဘူး။ သူတို့အနေနဲ့လည်း ကောက်ရတဲ့အနေအထားတွေလည်း မျိုးစုံရှိမှာပေါ့။ စာရင်းတွေကို ချက်ချင်းမသိနိုင်သေးဘူးဆိုတာက ကိုယ့်ရွာမှာ ဘယ်သူတွေဘယ်လို အခက်ခဲတွေရှိတယ်ဆိုတာကို ရပ်ကျေးကတဆင့် မြို့နယ်၊ ခရိုင်၊ ပြည်နယ်အစိုးရအဖွဲ့တွေကို အဆင့်ဆင့်တင်ရတာ၊ ဒါကြောင့်မို့ စာရင်းတွေမရောက်နိုင်သေးဘူး။ စာရင်းတွေရောက်လာမှပဲ သူတို့မှာ တစ်ယောက်နဲ့တစ်ယောက်မတူတဲ့ အခက်ခဲတွေကို ဆွေးနွေးတိုင်ပင်ပြီး လုပ်ဆောင်ပေးရမှာ” ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က ရှင်းပြသည်။
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ၂၀၁၈ ခုနှစ်၊ နှစ်ကုန်ပိုင်းမှစတင်၍ (၂)နှစ်တာကာလအတွင်း တိုက်ပွဲကြောင့် ကျေးရွာပေါင်း(၄၈)ရွာမှ နေအိမ်(၂၀၀၅) မီးလောင်ပျက်စီးမှုရှိသည်ဟု ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး(REC)၏ စာရင်းအရသိရသည်။
ထို့အပြင် ရခိုင်ပြည်နယ်အတွင်ရှိ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင် စသည့်မြို့နယ်များတွင်လည်း လက်နက်ကြီးကျရောက်မှုများကြောင့် ပျက်စီးသွားသည့်နေအိမ်အချို့လည်း ရှိကြောင်း သိရသည်။
ကျောက်တော်မြို့နယ် ဘုရားပေါင်းနှင့် တောင်ပေါက်ရွာတို့တွင် စက်တင်ဘာလအတွင်းက မီးရှို့ခံရ၍ ပျက်စီးဆုံးရှုံးသွားသော အိမ်ထောင်တစ်စုလျှင် သိန်း(၅၀)တန်ဖိုးရှိသည့် နေအိမ်အလုံး (၄၀)ကို မူလနေရာ၌ ဆောက်လုပ်ပေးသွားမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးကပြောဆိုထားသဖြင့် မြေနေရာများ ပြုပြင်နေကြောင်း ဒေသခံများကပြောသည်။
ဘုရားပေါင်းကျေးရွာကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းအေးမောင်က “ကျနော်တို့ရွာနဲ့ တောင်ပေါက်ရွာမှာ နေအိမ် ၂၀ စီဆောက်ပေးမယ်လို့ပြောတယ်။ ကျန်တဲ့သူတွေကိုကျတော့ ဒုတိယအဖြတ်မှာ အကုန်လုပ်ပေးမယ်လို့တော့ ပြောတာပဲ။ ကျနော်တို့မှာ နေစရာနေရာရသွားပြီဆိုပေမယ့် လုပ်ကိုင်စားသောက်ဖို့အတွက် ဘာမှမရှိတော့ဘူး။ လူတိုင်းကတော့ ကိုယ့်ပစ္စည်းကိုယ် ပြန်လိုချင်ကြတာပဲလေ။ ကားပါသွားတဲ့သူက ကားပြန်လိုချင်တယ်။ ဆန်စက် ပါသွားတဲ့သူက ဆန်စက်လိုချင်နေကြတယ်” ဟု ပြောသည်။
စက်တင်ဘာလအတွင်းက မီးရှို့ခံခဲ့ရ၍ ပျက်စီးသွားသည့် ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာမှ နေအိမ်များနဲ့ ယာဉ်များအား တွေ့ရစဉ်။
နေအိမ်မီးလောင်ဆုံးရှုံးသွားသူများတွင် နေအိမ်အပြင် တစ်ခြားအတွင်းပစ္စည်းများဖြစ်သည့် ရွှေ၊ ငွေ၊ စက်ပစ္စည်းများအားလုံးပါ ပါရှိသွားသည့် နေရပ်ပြန်သည့်အခါတွင် ပြန်လည်လုပ်ကိုင်စားသောက်နိုင်ရန်အခက် အခဲများ ရှိနေကြသည်။
ထို့ကြောင့် တိုက်ပွဲများရပ်တန့်ကာ နယ်မြေဒေသလုံးဝအေးချမ်းသွားပါက မီးဘေးသင့်ပြည်သူများအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရန်လည်း ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးအရာရှိ ဦးရဲမင်းဦးက ပြောသည်။
“လယ်ယာလုပ်ငန်းလုပ်ကိုင်စားသောက်တဲ့သူတွေကိုဆိုရင် စိုက်ပျိုးရေးဌာနတွေနဲ့ချိတ်ဆက်ပြီးတော့ လုပ်ဆောင် ပေးသွားမယ်။ မွေးမြူရေးလုပ်ငန်းလုပ်တဲ့သူတွေဆိုရင် မွေးမြူရေးဌာနတွေနဲ့ချိတ်ဆက်ပြီးတော့လုပ်ပေးသွားမယ်။ တစ်ခြားအလုပ်လုပ်တဲ့သူတွေဆိုလည်း သူတို့ရဲ့သက်ဆိုင်ရာဌာနတွေနဲ့ချိတ်ဆက်ပြီးတော့ ကူညီပေးသွားမှာပေ့ါ။ ကျနော်တို့အနေနဲ့လည်း စားနပ်ရိက္ခာတို့၊ ငွေကြေးထောက်ပံ့တာတို့လုပ်ပေးသွားမှာပါ” ဟု ၎င်းကဆက်၍ ရှင်းပြသည်။
ဒေသခံပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အကောင်အထည်ဆောင်ရွက်နိုင်ရန် အတွက် နယ်မြေဒေသတည်ငြိမ်ချမ်းရန်အရေးကြီးကြောင်းလည်း ဝန်ကြီးဦးဝင်းမြင့်က ဆိုသည်။
“ရခိုင်ပြည်သူတွေ အရင်ကလိုအေးအေးချမ်းချမ်းနဲ့ အိပ်စက်နိုင်ဖို့ အရေးကြီးတယ်။ ဒါတွေကတော့ စစ်ပွဲကိုဖန်တီးနေတဲ့သူတွေအပေါ်မှာပဲ မူတည်တယ်” ဟု ၎င်းကပြောသည်။







