USDP ပါတီအပါအဝင် ဆန္ဒပြတဲ့ပါတီများကို နိုင်ငံရေးပါတီမှ ရုတ်သိမ်းမည်ဟု NLD အစိုးရကကြေညာထုတ်ပြန် ဟူသည့် သတင်းအမှား

USDP ပါတီအပါအဝင် ဆန္ဒပြတဲ့ပါတီများကို နိုင်ငံရေးပါတီမှ ရုတ်သိမ်းမည်ဟု NLD အစိုးရကကြေညာထုတ်ပြန် ဟူသည့် သတင်းအမှား
by -
KNG

၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲကြီးကျင်းပခဲ့သည့် နောက်ဆက်တွဲအဖြစ် ရွေးကောက်ပွဲကို ပြန်လည်ကျင်ပပေးရန်အတွက် တောင်းဆိုသည့် ‘USDP ပါတီအပါအဝင် ဆန္ဒပြတဲ့ပါတီများကို နိုင်ငံရေးပါတီမှ ရုတ်သိမ်းမည်ဟု NLD အစိုးရကကြေညာထုတ်ပြန်လိုက်ကြောင်းအချက်အလက်မှားများပါဝင်နေသည့် ရုပ်သံတစ်ခုကို Burmese Political အမည်ရှိ Youtube Channel မှာ တင်ပြထားသည်ကို မြင်တွေ့ရသည်။

 

၎င်းရုပ်သံကို နိုဝင်ဘာလ ၃၀ ရက်နေ့က ဖော်ပြခဲ့တာဖြစ်ပြီး တင်ဆက်ထားသည့် သတင်းပုံစံမှာ သတင်းခေါင်းစဉ်နှင့် သတင်းအတွင်းပါရှိသည့် အကြောင်းအရာအချက်အလက်များ လုံးဝမသက်ဆိုင်ဘဲ ကွဲလွှဲမှုရှိနေကြောင်း စစ်ဆေးတွေ့ရှိရသည်။

 

သတင်းရုပ်သံတွင် ရွေးကောက်ပွဲပြန်လည်ကျင်းပရန်တောင်းဆိုခြင်း၊ နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းနိုင်သည့်အထိ အရေးယူနိုင်ကြောင်း အစိုးရသတင်းတွင်ထုတ်ပြန်ထားခြင်းနှင့် မဲရုံတာဝန်ထမ်းဆောင်ခဲ့သည့် ဆရာ/မအပေါ် မမှန်မကန်စွပ်စွဲ တရားစွဲမှုကို တန်ပြန် တရားစွဲနိုင်ရန်လည်း လုပ်ဆောင်ပေးမည်ဟုဆရာ/ဆရာမများအဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်ခြင်း စသည့် အချက် ၃ခုကိုသာ ဖော်ပြထားခြင်းဖြစ်သည်။

တင်ပြထားသည့် ရုပ်သံသတင်းကို ယခု လင့် https://www.youtube.com/watch?v=qw41Cwpyf4k တွင် ကြည့်ရှုနိုင်သည်။

 

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရွေးကောက်ပွဲရလဒ်အပေါ် တရာမျှတမှုမရှိကြောင်း ဆန္ဒပြတောင်းဆိုသည့် နိုင်ငံရေးပါတီများကို နိုင်ငံရေးပါတီမှ ရုတ်သိမ်းမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ (UEC) က တစ်စုံတစ်ရာ အသိပေး ထုတ်ပြန်ထားခြင်းမရှိပါ။

သို့သော် ၎င်းတို့၏ ဝက်ဆိုဒ်နှင့်လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရွေးကောက်ပွဲအတွင်း ရွေးကောက်ပွဲဥပဒေနဲ့မညီညွတ်ဘဲ လုပ်ဆောင်ခဲ့သူများကို အရေးယူအသိပေးထားသည့် အကြောင်းအရာများကိုသာ ဖော်ပြထားသည်။

 

NLD အစိုးရဘက်ကလည်း ပါတီဖျက်သိမ်းကြောင်း အသိပေးထုတ်ပြန်ထားခြင်းမရှိသလို နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သုံးစွဲသည့် Chair NLD လူမှုကွန်ယက်စာမျက်ပေါ်မှာလည်း တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုထားခြင်းမရှိပါ။

အဆိုပါသတင်းနှင့်ပတ်သက်ပြီး သတင်းမီဒီယာများတွင်လည်း ရေးသားဖော်ပြထားခြင်းမရှိသည်ကို တွေ့ရသည်။  

 

နိုဝင်ဘာလ ၈ ရက်နေ့ကကျင်းပခဲ့သည့် ပါတီစုံရွေးကောက်ပွဲကို တရားမျှတမှုမရှိသည့်အတွက် တပ်မတော်နဲ့ပူးပေါင်းပြီး ရွေးကောက်တစ်ရပ်အမြန်ဆုံးကျင်းပပေးရန်  ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူများက နိုဝင်ဘာလ ၁၁ ရက်နေ့တွင် UEC ထံသို့ တောင်းဆိုမှုရှိခဲ့ခြင်းဖြစ်သည်။

 

သို့သော် ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန်မရှိသလို တရားဥပဒေအတိုင်းသာ လုပ်ဆောင်သွားမည်ဟု ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးလှသိန်းက နိုဝင်ဘာလ ၁၁ ရက်နေ့က ရွေးကောက်ပွဲနှင့်ပတ်သက်ပြီးပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ပြီးဖြစ်သည်။

 

ရွေးကောက်ပွဲဥပဒေအရ နိုင်ငံရေးပါတီများကို ရုတ်သိမ်းမည်ဆိုပါက NLD အစိုးရက ရုတ်သိမ်းပေးပိုင်ခွင့်မရှိဘဲ UEC ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။

ယခုရုပ်သံသတင်းမှာ လူမှုကွန်ယက်စာမျက်နှာပေါ်က သတင်းအမှားပျံ့နှံ့နေသည့် အချက်အလက်များကို စုဆောင်းတင်ဆက်ထားသည့် သတင်းအမှားသာဖြစ်ကြောင်း တွေ့ရသည်။ 

 

လက်ရှိအချိန်အထိ Youtube Channel အတွင်း တင်ပြထားသည့် သတင်းရုပ်သံ ဝင်ရောက်ကြည့်ရှုသူ စုစုပေါင်း ၂ သောင်းကျော်ရှိနေပါသည်။

 

သတင်းအမှားဖြန့်ဝေသူများသည် သတင်းတင်ဆက်ပုံနည်းလမ်းအမျိုးမျိုး အသုံးပြုလာသည့်အတွက် Youtube Channel နဲ့ Facebook အသုံးပြုသူများအနေနှင့် သတင်းများကို အမှား/အမှန် ချင့်ချိန်ဖတ်ရှုသင့်ပါကြောင်း အကြံပြုလိုက်ရပါသည်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...