ကိုဗစ်ကာကွယ်ရေးအသုံးအဆောင်အခက်ခဲဖြစ်နေသည့် ပလက်ဝမြို့နယ် စစ်ဘေးရှောင်စခန်းများတွင် ကိုဗစ်ကူးစက်မည်ကို စိုးရိမ်

ကိုဗစ်ကာကွယ်ရေးအသုံးအဆောင်အခက်ခဲဖြစ်နေသည့် ပလက်ဝမြို့နယ် စစ်ဘေးရှောင်စခန်းများတွင် ကိုဗစ်ကူးစက်မည်ကို စိုးရိမ်

လားနွန် — စစ်ဘေးရှောင်ပြည်သူအမြောက်အများ ခိုလုံကြသော ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၄ ဦး တွေ့ရှိပြီးနောက်ပိုင်း ကိုဗစ်ကာကွယ်ရေးအသုံးဆောင်များ အခက်အခဲဖြစ်နေသည့် စစ်ဘေးရှောင်စခန်းများတွင် ကိုဗစ်ကူးစက်မှုဖြစ်ပွားလာမည်ကို စိုးရိမ်ပူပန်နေကြသည်။

ပလက်ဝမြို့နယ်တိုက်ပွဲရှောင်နှင့် သဘာဝဘေးကူညီရေးအဖွဲ့ ဥက္ကဌ ဦးဇာနီက “ပလက်ဝမြို့မှာ ကိုဗစ်ပိုးတွေပြီဆိုတော့ စိုးရိမ်ရတာပေါ့ တိုက်ပွဲရှောင်တွေကိုတော့ အတတ်နိုင်ဆုံး အပြင်မထွက်ကြဖို့ မလိုအပ်ရင်အပြင်သိပ်မထွက်ခိုင်းဘူး၊ လက်ဆေးရည် (Hand Gel) တို့ဆိုတာက ဟိုးတခေါက်တိုက်ပွဲရှောင်တွေကို တစ်အိမ်ကို တစ်ဗူးနှုန်းပေးနိုင်တာရှိတယ် အခုနောက်ပိုင်း မပေးနိုင်တော့ဘူး Mask (နှာခေါင်းစည်း) တွေလည်းပဲ တစ်ချိူ့တွေကမဝယ်နိုင်ဘူး နည်းနည်းပါးပါးတော့ရှိတယ် ရောင်းတာတွေ တစ်ခါသုံးတွေ၊ အဲဒါလည်းလည်း တိုက်ပွဲရှောင်တွေမှာ ဝင်ငွေကမရှိတော့ အဲဒါလည်း မဝယ်နိုင်ကြဘူးလေ’’ ဟု ပြောသည်။

ပလက်ဝမြို့တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့မှ ပြန်လာသူ ကျောင်းသား လေးဦးထံတွင် ကိုဗစ်ပိုး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကိုဗစ်ကာကွယ်ရေးအသုံးအဆောင်ပစ္စည်းများ လိုအပ်ချက်မြင့်မားနေသည့် စစ်ဘေးရှောင်စခန်းများတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပြန့်ပွားလာမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။

လက်ရှိတွင် ပလက်ဝမြို့အဝင်၊အထွက်တွင်စစ်ဆေးရေးဂိတ်များထားရှိပြီး ကိုဗစ်ပိုးတွေ့ရှိသောဒေသများမှ ဝင်ရောက်လာ သူမည်သူမဆို ကျန်းမာရေးဌာနမှထုတ်ပြန်ချက်နှင့် အထောက်အထားများမပါရှိသည့်သူများကိုလည်း ကွာရန်တင်းထားရှိ ရန် မြို့နယ်ကွာရန်တင်း ကြီးကြပ်ရေးကော်မတီမှထုတ်ပြန်ထားကြောင်း သိရသည်။

ပလက်ဝမြို့ပေါ် စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ နီးပါးခန့်ရှိသည်။

အလားတူ စစ်ဘေးရှောင်ပြည်သူ ၃၀၀၀ ကျော်ခန့်ရှိသည့် ပလက်ဝမြို့နယ် ဆမီးမြို့စစ်ဘေးရှောင်စခန်းတွင်လည်း ကိုဗစ်ရောဂါပိုးကူးစက်မှုဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသည်ဟု စစ်ဘေးရှောင်ပြည်သူများအား ကူညီဆောင်ရွက်ပေးနေ သည့် People Hope အဖွဲ့ဒါရိုက်တာ ဦးဇော်လီအောင်ကပြောသည်။

“အခု ကျနော်တို့ ဆမီးမြို့မှာတော့ ကိုဗစ် Positive ကတော့ တစ်ယောက်မှမတွေ့သေးပေမဲ့ အကယ်၍များတွေ့ခဲ့မယ်ဆို ရင် ကျနော်တို့က တိုက်ပွဲရှောင်မက ကျနော်တို့က လူစုလူဝေးတွေ နေ့တိုင်းဖြစ်ပြီးသားရှိကျတယ်ဆိုတော့ အဆောင်မှာ အားလုံးကစုပြုံလာနေတဲ့သူတွေဆိုတော့ ဖြစ်သွားခဲ့ရင် ကျနော်တို့အနေနဲ့ သက်ကြီးရွယ်အိုပိုင်းတွေမှာ သေဆုံးမှုတွေ လည်းရှိနိုင်ပါတယ် ပြီးတော့ ကျနော်တို့မှာက ခက်တာက သလိပ်စမ်းတဲ့ဟာတွေမရှိ ဘာကိရိယာတွေမှမရှိတော့ ကိုဗစ် ဖြစ်မှန်းမသိ မဖြစ်မှန်းမသိ ပြည်သူတွေကလည်း ကျန်းမာရေးအသိပညာတွေအားနည်းတဲ့အခါမှာ အဲလိုမျိုးအခက်အခဲတွေ စိန်ခေါ်မှုတွေအများကြီးရှိပါတယ်” ဟု People Hope အဖွဲ့ဒါရိုက်တာ ဦးဇော်လီအောင်ကပြောသည်။

ဆမီးမြို့တွင် စစ်ဘေးရှောင်စခန်း ၅ ခုရှိကာ စစ်ဘေးရှောင်ပြည်သူ ၃၄၀၀ ခန့်နေထိုင်ကြပြီး ကိုဗစ်ကာကွယ်ရေးအသုံး ဆောင်ပစ္စည်းများလိုအပ်မှုလည်း မြင့်မားနေသည်ဟု သိရသည်။

February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...