ရခိုင်သို့ပြန်လာရန် အခက်အခဲရှိသူများကို ကူညီရန်အဆင်သင့်ရှိ၊ လက်ရှိအချိန်ထိ အကူအညီတောင်းခံလာသူ မရှိသေးဟု ပြည်နယ်အစိုးရအဖွဲ့ဆို

ရခိုင်သို့ပြန်လာရန် အခက်အခဲရှိသူများကို ကူညီရန်အဆင်သင့်ရှိ၊ လက်ရှိအချိန်ထိ အကူအညီတောင်းခံလာသူ မရှိသေးဟု ပြည်နယ်အစိုးရအဖွဲ့ဆို

ကျော်သူဌေး — Covid-19 ထိန်းချုပ်ရေးကာလအတွင်း ရန်ကုန်မှ ရခိုင်ပြည်နယ်သို့ ပြန်လာရန်ခက်ခဲနေသည့် ပြည်သူများကို ကူညီပေးရန် အဆင်သင့်ရှိသော်လည်း လက်ရှိအချိန်အထိ အကူအညီတောင်းခံလာသူ မရှိသေးကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

ပြန်လာရန် ခက်ခဲနေသူများအနေဖြင့် ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ချိတ်ဆက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့အား အကြောင်းကြားလာပါက ကူညီပေးရန်အဆင်သင့်ရှိသလို ယခုအချိန်ထိ အကြောင်းကြားလာခြင်း မရှိသေးကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေး ဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

“ကိုယ့်တိုင်းရင်းသားတွေ အခက်အခဲဖြစ်နေတာကို လုပ်ပေးရမယ်။ ဒါပေမယ့် ချိတ်ဆက်မှုတော့ရှိဖို့လိုအပ်တယ်။ အခုအချိန်အထိတော့ ဆက်သွယ်လာတာ မရှိသေးဘူး။ ရန်ကုန်မှာ လူဦးရေ ဘယ်လောက်က ပိတ်မိနေပါတယ်။ ဒါကြောင့်မလို့ ရခိုင်ပြည်နယ်အစိုးရအနေနဲ့ ကူညီပြီးတော့ ဆောင်ရွက်ပေးပါဆိုပြီး စာရေးပြီးပို့လာလို့ရှိရင် ဒီကနေ ပြီးတော့ ဘယ်လိုဆောင်ရွက်ပေးရမလဲဆိုတာကို အစီအမံလုပ်လို့ရမှာပေါ့” ဟု စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

ယင်းအပြင် ရန်ကုန်တွင်ပိတ်မိနေသည့် လူအရေအတွက်ကို စာရင်းဇယားများနှင့်တကွ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့အား တိုက်ရိုက်ဆက်သွယ်ပေးပို့ကာ အကူအညီတောင်းခံနိုင်ကြောင်း စည်ပင်ဝန်ကြီးဦးဝင်းမြင့်က ဆက်လက်ပြောသည်။

ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်အနေဖြင့် ရန်ကုန်မြို့မှ ရခိုင်ပြည်နယ်သို့ ပြန်လာမည့်သူများအား တရားဝင်သွားလာခွင့်ရရန် စီစဉ်နေကြောင်း ယမန်နေ့ (နိုဝင်ဘာလ ၁၇ ရက်နေ့)က DMG ကို ပြောဆိုထားသည်။

လေးဝတီကုလရက္ခိတအသင်းအနေဖြင့် ရန်ကုန်မြို့တွင် ပိတ်မိနေသူများအား ပထမအကြိမ်အဖြစ် ခရီးသည်တင်ကားများဖြင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့သို့ပို့ဆောင်ပေးခဲ့ပြီး ဒုတိယအကြိမ်စီစဉ်ရာတွင် ရန်ကုန်မြို့အောင်မင်္ဂလာအဝေးပြေးကားကွင်းအုပ်ချုပ်ရေးမှူးမှ ခွင့်မပြုခြင်းကြောင့် ပြန်လာရန်အခက်အခဲများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

ယင်းအခက်အခဲများကို ရန်ကုန်တိုင်းရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့အား တင်ပြ ထားသော်လည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လက်မခံဟုပြောဆိုသောကြောင့်ပို့ဆောင်ခြင်းကို ရပ်တန့်ထားခဲ့ ရခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့မှ တာဝန်ခံ ကိုဗျာလကဆိုသည်။

“ကျနော်တို့က ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို လူပေါင်းနှစ်ထောင်ကျော်ရှိတယ်လို့ စာရင်းပေးထားပါတယ်။ သူတို့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့က လက်မခံသေးဘူးဆိုပြီးတော့ပြောလို့ ကျနော်တို့က မပို့ရတာပါ။ အခု Quarantine ဝင်ဖို့အတွက် သူတို့လက်ခံလို့ရှိရင် ကျနော်တို့က မြို့နယ်တိုင်းကို ပို့ပေးဖို့အဆင်သင့်ပါ” ဟု ကိုဗျာလက ပြောသည်။

ရန်ကုန်မြို့တွင် Covid-19 ရောဂါဖြစ်ပွားနေမှုကြောင့် စက်ရုံ၊ အလုပ်ရုံများ ပိတ်ပင်ထားသည်မှာ ၃ လခန့် ကြာမြင့်လာနေပြီး အလုပ်လုပ်နေသည့် ရခိုင်ပြည်နယ်မှ ပြည်သူနှစ်ထောင်ကျော်မှာ စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ်နေသဖြင့် မိမိနေရပ်သို့ ပြန်လိုကြခြင်းဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးနေသည့် ရန်ကုန်အခြေစိုက် လေးဝတီကုလရက္ခိတအသင်းထံမှ သိရသည်။

ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...