ချင်းပြည်နယ်သို့ ရောက်ရှိနေသည့် နိုင်ငံတော် ဒုသမ္မတ (၂) ဦးဟင်နီရီဗန်ထီးယူသည် ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်မှုကိုကြည့်ရှုစစ်ဆေးပြီးနောက် သူ၏မဲဆန္ဒနယ်မြေ ထန်တလန်မြို့တွင် ရွေးကောက်ပွဲပြီးဆုံးသည်အထိ ဆက်နေသွားမည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ပြောင်ခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။
“သူကဒီမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ၂ ရက် ၃ ရက်လောက်ကြည့်ရှုပြီးရင် ထန်တလန်ကိုသွားဖို့ရှိပါတယ်။ ထန်တလန်မှာ သူလည်းရွေးကောက်ပွဲဝင်တယ်ဆိုတော့ သူ့ထန်တလန်မြို့နယ်ထဲမှာတော့ စည်းရုံးရေးလုပ်ငန်းစဉ်တွေအနေနဲ့သွားမှာ၊ ရွေးကောက်ပွဲပြီးတဲ့အထိ သူရှိနေမှာပေါ့ မဲဆွယ်ပြီး ဆန္ဒမဲပြီးမှပဲ ပြန်သွားမယ်ထင်တယ်” ဟုဝန်ကြီး ဦးစိုးထက် က ပြောသည်။
ဒုသမ္မတသည် အောက်တိုဘာလ ၂၅ ရက်နေ့က ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့သို့ရောက်ရှိလာပြီး ဝမ္မသူမောင်းအားကစားကွင်းပွဲကြည့်စင်အသစ်ဆောက်လုပ်သည့်လုပ်ငန်း၊ တရားလွှတ်တော်ချူပ်ရုံးဆောက်လုပ်သည့်လုပ်ငန်း၊ GTI၊ ပညာရေးကောလိပ် တက္ကသိုလ်များအပြင် ဘုံဇုန်းဘိလပ်မြေစက်ရုံ တည်ဆောက်မည့်အခြေအနေများ ကိုလည်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်ဟု သိရသည်။
“ တည်ဆောက်ရေးလုပ်ငန်းတွေမှာလိုအပ်တာတွေကိုဖြည့်ဆည်းပေးတယ်၊ လိုအပ်တာတွေလမ်းညွန်တာပေါ့။ တည်ဆောက်ရေးလုပ်ငန်းမြန်မြန်ပြီးဖို့ ကြည့်တယ်၊ ပညာရေးကော်လိပ်ကို ပညာရေး ဒီကရေကော်လိပ်တိုးတယ်၊ ပညာရေးဒီကရေ ကော်လိပ်ကို ပညာရေးတက္ကသိုလ်လုပ်မယ်ဒီလိုမျိုးတွေလမ်းညွန်တာပေါ့’’ ဟု ဝန်ကြီးဦးစိုးထက်ကပြောသည်။
ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းသာလိုတော့သည့်အချိန်တွင် နိုင်ငံတော်ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ ချင်းပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများလာရောက်ကြည့်ရှုသည့်အပေါ် ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်(CNLD) ပါတီ အတွင်းရေးမှူးဆလိုင်းကျဲအိုဘိခ်ထောင်ကယခုကဲ့သို့ပြောဆိုသည်။
“ဒုသမ္မတက နိုင်ငံတော်အစိုးရရဲ့အစီအစဉ်နဲ့လာတာလား သူတို့ရဲ့ပါတီစည်းရုံးရေးအစီအစဉ်နဲ့လာ တာလား ဆိုတာကျွန်တော်လဲအတိအကျမသိဘူး၊ အထူးသဖြင့်နိုင်ငံတော်ဖွံ့ဖြိုးရေးဆိုင်ရာ အကောင်အထည်ဖော်မှုတွေကို ရွေးကောက်ပွဲအတွက် အသုံးမပြုသင့်ဘူး ၊အမှတ်မယူသင့်ဘူး။ ပြိုင်ဖက်ပါတီတွေကအစိုးရယန္တရားတွေကိုအသုံးမပြုတဲ့ အတွက် နစ်နာတယ် အဲ့နှစ်ခုကိုရောပြီးမလုပ် စေချင်ဘူး ၊ ဒါကြောင့်ဒီတခေါက်ခရီးစဉ်ကို ခွဲခွဲခြားခြားနဲ့ရှင်းရှင်းလင်းလင်းနဲ့ လုပ်ဖို့လိုတယ်။ နောက်ပြီးခုCOVIDလိုင်းကဆိုးနေတယ်ဆိုတော့ ဘယ်လိုပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ဘယ်နေရာကနေလာလာ ကိုဗစ်နဲ့ပက်သက်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်တွေ၊ ဥပဒေ လုပ်ထုံးလုပ်နည်းတွေကို တသဝေမတိမ်းအပြည့်အဝလိုက်နာဖို့လိုအပ်တယ်” ဟု ဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။
ဦးဟင်နရီဗန်ထီးယူသည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီကိုယ်စားပြု အနေဖြင့် ထန်တလန်မြို့နယ် အမျိူးသားလွှတ်တော်မဲဆန္ဒနယ်မြေတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ထန်တလန်မြို့နယ်အမျိူးသားလွှတ်တော်မဲဆန္ဒနယ်မြေတွင် ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) မှ ဦးဗန်မွန်လျန်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) မှ ရှန်လျန်မှုန်း တို့လည်းဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။







