အိမ်စိုးဖြူ - ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ စနဲကျေးရွာမှ ရွာသား ၉ ဦးကို တပ်မတော်မှ ဖမ်းဆီးခဲ့ပြီး ၄ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ၃ ဦးကို အောက်တိုဘာ ၁၆ ရက်နေ့ အမ်းမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ကာ ကျန် ၂ ဦးမှာ ရုံးထုတ်ရာတွင် ပါမလာဘဲ ပျောက်နေကြောင်း ရွာသားများက ပြောကြားသည်။
ဖမ်းဆီးခံရသူ ၉ ဦးမှာ ဦးညီပု၊ ဦးမောင်သန်းတင်၊ မောင်သန်းမြင့်၊ မင်းစိုးနိုင်၊ ညီစိုးလွင် ၊ ကိုဇော်လတ်၊ ငပျောကြီး၊ ဦးမောင်ကဲနှင့် ဦးမောင်သန်းရွှေတို့ ဖြစ်ကြပြီး အောက်တိုဘာ ၁ဝ ရက်နှင့် ၁၁ ရက်နေ့များက ဖမ်းဆီးခံခဲ့ကြရသူများ ဖြစ်ကြောင်း သိရသည်။
ထိုအထဲမှ ကိုဇော်လတ်၊ ငပျောကြီး၊ ဦးမောင်ကဲနှင့် ဦးမောင်သန်းရွှေတို့ တပ်မတော်မှ ပြန်လွှတ်ပေးခဲ့သည်။
သို့အတွက် လက်ရှိ ဖမ်းဆီးခံထားသူမှာ ၅ ဦးဖြစ်ကြောင်း ရွာသားများကိုကိုးကားပြီး အမ်းမြို့မှ လူမှုရေး လုပ်နေသူ ကိုမျိုးလွင်က ပြောသည်။
တပ်မတော်မှ အောက်တိုဘာ ၁၆ ရက်နေ့ သတင်းထုတ်ပြန်ရာတွင် မင်းစိုးနိုင်(ဘ) ဦးအောင်ကျော်သန်း ၂၂ နှစ်၊ ဦးညီပု(ဘ)ဦးမှဲ့နီ ၄၅ နှစ်၊ ဦးသန်းတင်(ဘ) ဦးအောင်ကျော်စိန် ၅၆ နှစ်နှင့် မောင်သန်းမြင့်(ဘ)ဦးဘဖြူ ၂၈ နှစ်တို့၏ ၄ ဦးကိုသာ ဖမ်းဆီးထားကြောင်း စာရင်းဖော်ပြထားသည်။
သို့အတွက် ကိုညီစိုးလွင်မှာ ဖမ်းဆီးခံထားရသည့် စာရင်းထဲမပါဘဲ ပျောက်နေသည်။
ယနေ့ အမ်းမြို့နယ် တရားရုံးတွင် ရုံးထုတ်ရာတွင် သုံးဦးသာပါလာပြီး မင်းစိုးနိုင်နှင့် ညီစိုးလွင်တို့ ပါမလာကြောင်း ကိုမျိုးလွင်က ပြောသည်။
“ လေးယောက် ရုံးထုတ်မယ်ဆိုပြီးကြားတယ်။ ဖမ်းသွားတဲ့ အထဲမှာ ငါးယောက်ကျန်တယ်လို့ ရွာသားတွေကတဆင့် သိရတယ်။ ရုံးထုတ်တဲ့အချိန်မှာ သုံးယောက်ပဲ ထုတ်လာတယ်။ အဲဒီထဲက မင်းစိုးနိုင်နဲ့ ညီစိုးလွင်တို့နှစ်ယောက်ပါမလာဘူး။ သူတို့နှစ်ယောက်ကို မတွေ့မိဘူး။”
ဖမ်းဆီးခံထားရသူများထဲမှ မင်းစိုးနိုင်သေဆုံးသွားပြီဟု စနဲရွာတွင် သတင်းများ ကျယ်ပြန့်စွာထွက်ပေါ်နေသော်လည်း အတည်မပြုနိုင်သေးကြောင်း ကိုမျိုးလွင်က ပြောဆိုသည်။
ပျောက်နေသူ ညီစိုးလွင်မှာ စနဲရွာတွင် အိမ်ထောင်ကျနေသူ ဖြစ်ပြီး သူ၏ဇနီးမှာ ဒေါ်ခင်ဆန်း ဖြစ်ကြောင်း၊ မင်းစိုးနိုင်မှာလည်း အမ်းက ဖြစ်ပြီး စနဲရွာတွင် အလုပ် လာလုပ်နေသူ ဖြစ်ကြောင်း ဖမ်းဆီးခံထားရသည့် ဦးညီပု၏ သမီးကြီးဖြစ်သူက ပြောသည်။
“ ကျွန်မတို့က အဖေနဲ့ တွေ့ခွင့်မရသေးဘူး။ ဒီနေ့ ရုံးထုတ်တယ်လို့ သိရပါတယ်။ ၅ ယောက်မှာ အဖေရယ်၊ ဦးသန်းတင်နဲ့ ဦးမောင်သန်းမြင့်တို့ကို ရုံးတယ်လို့ ကြားရပါတယ်။ အဖေက တောင်ယာလုပ်တာပါ။ ခရမ်းခင်းထဲက ဖမ်းသွားတာပါ။ ဘာအဖွဲ့အစည်းနဲ့မှ ပတ်သက်ခြင်းမရှိပါဘူး။ ပြန်လွှတ်ပေးစေချင်တယ်။ ဖမ်းသွားတဲ့ နေ့တည်းက မတွေ့ရသေးဘူး။ နေမကောင်း ခဏခဏဖြစ်တဲ့ မကျန်းမာတဲ့အဖေပါ” ဟုပြောသည်။
တပ်မတော်မှ ကိုဇော်လတ်၊ ငပျောကြီး၊ ဦးမောင်ကဲနှင့် ဦးမောင်သန်းရွှေတို့ လေးဦးကို ပြန်လွှတ်ပေးခဲ့ပြီး ၎င်းတို့အထဲမှ နှစ်ဦးမှာ ဒဏ်ရာများ ရရှိထားပြီး ဆေးကုသခွင့် မရရှိသေးကြောင်း သူကဆက်ပြောသည်။
တပ်မတော်၏ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်မအီမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အောက်တိုဘာလ ၁ဝ ရက်နံနက်ပိုင်းတွင် AA အားသတင်းပေးခြင်း၊ ဆက်ကြေး ရိက္ခာစုဆောင်ပေးခြင်းများဆောင်ရွက်လျက်ရှိကြောင်း သတင်းအရ ရှာဖွေဖော်ထုတ်ခဲ့ရာ စနဲကျေးရွာနေ မင်းစိုးနိုင်( ၂၂ )နှစ်၊ ဦးညီပု(၄၅)နှစ်နှင့် ဦးသန်းတင်(၅၆)နှစ်တို့အား သက်သေခံအထောက်အထားတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။
ယင်းနောက်ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ ထပ်မံဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက် ရှိစဉ် မောင်သန်းမြင့်( ၂၈)နှစ် တို့အား အောက်တိုဘာ ၁၂ ရက်နေ့ ၂ နာရီအချိန်ခန့်တွင် စနဲကျေးရွာအနီးဖမ်းဆီးရမိခဲ့ကြောင်း ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီအရေးယူဆောင်ရွက်နိုင်ရေး မအီမြို့မရဲစခန်းသို့ လွှဲပြောင်းသွားမည်ဟုလည်းပါရှိသည်။
(ဓာတ်ပုံ- ဦးညီပု၊ ဦးသန်းတင်နဲ့ ဦးမောင်သန်းမြင့်တို့ကို ယနေ့ ရုံးထုတ်လာစဉ်/ ဓာတ်ပုံ- ကိုမျိုးလွင်)







