မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့အကြားဖြစ်ပွားနေသော စစ်ရေးပဋိပက္ခကြောင့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲကို ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် မကျင်းပနိုင်မည်ကို အထူးစိုးရိမ်မိသည်ဟု ခူမီးချင်းမျိူးနွယ်စုအဖွဲ့အစည်းများက အောက်တိုဘာလ ၁၄ ရက်နေ့စွဲဖြင့် ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက် သည်။
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်ကစ၍ ယနေ့ချိန်ထိ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ထိုကဲ့သို့ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင်ပဋိပက္ခကြောင့် ရွေးကောက်ပွဲအပေါ် ထိခိုက်မှုဖြစ်ပွားမည်ကို အထူးစိုးရိမ်ကြောင်း ပြည်တွင်းပြည်ပအခြေစိုက် ခူမီချင်းမျိူးနွယ်စုအဖွဲ့အစည်း (၇) ဖွဲ့က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
ခူမီးချင်းမျိူးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) မှပြောရေးဆိုခွင့်ရှိသူ ကိုစောမြက “ကျနော်တို့နယ်မှာ အေအေ တွေလည်းလှုပ်ရှားနေတုန်းဆိုတော့လေ မဲဆွယ်စည်းရုံးရေးတွေလည်းကောင်းကောင်းမလုပ်နိုင်ဘူး၊ ရွေးကောက်ပွဲအသိပညာပေးမှုတွေလည်းကောင်းကောင်းမလုပ်နိုင်ဘူး ရွေးကောက်ပွဲကော်မရှင်တွေရဲ့ လုပ်ငန်းစဉ်တွေမှာလည်းနှောင့်နှေးတယ်ပေါ့ဗျာ။ အစိုးရတပ်ဖက်ကလည်း သွားလာဖို့ လုံခြုံရေးအရကန့်သတ်ထားတာတွေရှိတယ် အဲဒါကြောင့်ရွေးကောက်ပွဲမဖြစ်မှာကို ကျနော်တို့အထူးစိုးရိမ်မိတယ်’’ ဟုပြောသည်။
ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်တွင် မဲဆန္ဒရှင်အများဆုံးရှိသည့် မြို့နယ်ဖြစ်ပြီး နိုဝင်ဘာလ ၈ ရက်နေ့ရွေးကောက်ပွဲ တွင် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ (၆၂၈၄၅) ဦးရှိသည်ဟု ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဒုတိယအကြိမ်မဲ စာရင်းကြေညာချက်အရသိရသည်။
လွှတ်တော် မဲဆန္ဒနယ်မြေ (၅) ခုရှိသည့် ပလက်ဝမြို့နယ်တွင် လာမည့်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ (၆) ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၄ ဦးဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ရွေးကောက်ပွဲကျင်းပခြင်းသည် ဒီမိုကရေစီရှင်သန်ရေးအတွက် အခရာကျသည့်လုပ်ငန်းစဉ်ဖြစ်သကဲ့သို့ လူထု၏အခွင့်အရေးများကို တောင်းဆိုတင်ပြပေးနိုင်သည့် နိုင်ငံရေးလမ်းစဉ်တစ်ခုဖြစ်သောကြောင့် ရွေးကောက်ပွဲမကျင်းပဖြစ်ပါက ဒေသတွင်းကိုယ်စားပြုမှုပျောက်ဆုံးသွားနိုင်မည့်အရေးကို များစွာစိုးရိမ်မိကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်ထဲတွင်ဖော်ပြထားသည်။
“ တကယ်လို့ ပလက်ဝမြိ့နယ်မှာရွေးကောက်ပွဲမကျင်းပနိုင်ဘူးဆိုရင်တော့ ကျနော်တို့ရဲ့ ကိုယ်စားပြုမှုကပျောက်သွားမယ်၊ ပလက်ဝနယ်က ချင်းပြည်နယ်လူဦးရေရဲ့ ၅ ပုံ ၁ ပုံက ပလက်ဝနယ်မှာရှိတယ်၊ အဲဒီ ၅ ပုံ ၁ ပုံသော ကိုယ်စားပြုမှုကို ပျောက်သွားမယ် ပြီးတော့ စစ်မက်ဖြစ်ပွားတာလည်းပိုစိုးသွားနိုင်တယ် ဘာလို့လည်းဆိုရင် ပြောပေးဆိုပေးဖို့လွှတ်တော်ကိုယ်စားလှယ်တွေကမရှိတော့ဘူးဆိုရင်တော့လေ ဒေသခံပြည်သူတွေအနေနဲ့လည်း အစိုးရအပေါ်ယုံကြည်မှုလည်းတစ်နည်းမဟုတ်တစ်နည်းတော့ကျသွားနိုင်တယ် ဘာလို့လဲဆိုတော့ရွေးကောက်ပွဲတောင် မလုပ်ပေးနိုင်ဘူးဆိုတာမျိူးလေ နောက်တစ်ခုက အော် ငါတို့ကိုကျတော့ ဝိုင်းဖယ်ခံရပါလားဆိုတဲ့စိတ်မျိူးလည်းဝင်သွား နိုင်တယ်လေ’’ ဟု ကိုစောမြကပြောသည်။







