အမ်းမြို့တွင် ဆိုင်ထိုင်စားခွင့်ပြုသည့် ထမင်းဆိုင်ပိုင်ရှင်နှင့် စားသုံးသူနှစ်ဦးတို့ တရားစွဲခံရ

အမ်းမြို့တွင် ဆိုင်ထိုင်စားခွင့်ပြုသည့် ထမင်းဆိုင်ပိုင်ရှင်နှင့် စားသုံးသူနှစ်ဦးတို့ တရားစွဲခံရ

ဉာဏ်ဟိန်း — ရခိုင်ပြည်နယ်၊ အမ်းမြို့၊ အမှတ်(၃)ရက်ကွက်ရှိ ထမင်းဆိုင်တွင်ထိုင်စားခွင့်ပြုခဲ့သည်ဟုဆိုကာ ဆိုင်ပိုင်ရှင်တစ်ဦးနှင့် စားသုံးသူနှစ်ဦး အောက်တိုဘာ(၇)ရက်နေ့က သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေဖြင့် ဖမ်းဆီးတရားစွဲခံရကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၇ ရက်က ၎င်းမြို့ရှိ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ဆိုင်များတွင် ပါဆယ်စနစ်ဖြင့်ရောင်းချခြင်း ရှိ/မရှိ လိုက်လံစစ်ဆေးစဉ် ဒေါ်ခင်သီတာ ထမင်းဆိုင်တွင် ဆိုင်ထိုင်စားခွင့်ပြုထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အမ်းမြို့ဒေသခံ ကိုမျိုးလွင်က DMG သို့ပြောသည်။

“အဲဒီနေ့က ဆရာဝန်ကြီးအပါဝင် အဲဒီအဖွဲ့ကစစ်ဆေးတဲ့အချိန်မှာတွေ့တာ။ ဘယ်သူက တရားလိုလုပ်ပြီးတော့ စွဲထားတာမသိသေးဘူး” ဟု ၎င်းကဆိုသည်။

ထိုသို့ တရားစွဲခံရခြင်းမှာမှန်ကန်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေ ပုဒ်မ-၂၅/၃(က)ဖြင့် အမ်းမြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ကျော်မိုးက တရားလိုပြုလုပ်ကာ စွဲထားခြင်းဖြစ်ကြောင်း အမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်က DMG သို့ပြောသည်။

“သူတို့ကို သဘာဝဘေးအန္တရာယ်ဥပဒေနဲ့တရားစွဲထားတယ်။ ဒေါက်တာ အောင်ကျော်မိုးက တရားလို လုပ်ပြီးတော့စွဲထားတာ။ ကိုဗစ်ကာလမှာ ပါဆယ်စနစ်နဲ့ရောင်းရမယ့်ဆိုပြီးတော့အသိပေးထားတာကို သူတို့က မလိုက်နာကြပါဘူး” ဟု ၎င်းကရှင်းပြသည်။

အမ်းမြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ကျော်မိုးက “အဲဒီဆိုင်ရှင်ကို Stay at home ကာလကတည်းက ကျွန်တော်တို့ပြောတာ အကြိမ်ကြိမ်ရှိပြီ။ ကိုဗစ်ကာကွယ်၊ ထိန်းသိမ်းဖို့အတွက် ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ ပါဆယ်စနစ်နဲ့ရောင်းပါလို့ အကြိမ်ကြိမ်သတိပေးတယ်။ ဒါပေမဲ့လိုက်နာမှုမရှိတဲ့အတွက် အခုလိုတရားစွဲရတာပါ” ဟု ပြောသည်။

လက်ရှိမှာ ဖမ်းဆီးခံထားရသူများနှင့်ပတ်သက်ပြီး မည်သို့ဆောင်ရွက်ထားသည်ကိုသိလို၍ အမ်းမြို့နယ် ရဲစခန်းအား DMG က ဖုန်းဖြင့်ဆက်သွယ်ရန်ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

ပြီးခဲ့သည့် စက်တင်ဘာ ၂၅ ရက်ကလည်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဘောက်သီးစုရပ်ကွက်ရှိ“မြင့်မြတ်မောင်” ဘော်ဒါဆောင်တွင် ကိုဗစ်ကာလအတွင်းခွင့်ပြုချက်မရှိဘဲ ပညာသင်ကြားသည်ဟုဆိုကာ ဘော်ဒါဆောင် ပိုင်ရှင်အား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေဖြင့်အရေးယူရန် မြို့နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ လက်မှတ်ရေးထိုးထားသည့် စာတစ်စောင်ထုတ်ပြန်ခဲ့သည်။

ယင်းဘော်ဒါဆောင်မှ ခွင့်ပြုချက်မရှိဘဲပညာသင်ကြားနေသဖြင့် ကျောင်းသူ ၅ ဦးနှင့် ဆရာမ ၁ ဦးတို့ Covid Positive ထွက်ရှိခဲ့သည်ဟုလည်း မြို့နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဆိုထားသည်။

ကိုဗစ်ဒုတိယလိုင်းဖြစ်ပွားမှုကြောင့် ကျောင်းများပိတ်ရန်ညွှန်ကြားချိန်တွင် ၎င်းကျောင်းသားများမှာ မိမိနေရပ်သို့ ပြန်ရန်အဆင်မပြေသဖြင့် လက်ခံထားခဲ့ရခြင်းဖြစ်သည်ဟု “မြင့်မြတ်မောင်”ဘော်ဒါဆောင်ပိုင်ရှင် ဦးမောင်မောင်သိန်းက ရှင်းလင်းထားသည်။

လက်ရှိ စစ်တွေမြို့တွင် ကိုဗစ်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မလိုအပ်ဘဲအပြင်မထွက်ကြရန် ဒေသအာဏာပိုင်များက ညွှန်ကြားထားပြီး ဈေးဝယ်သွားရန်နှင့် ကျန်းမာရေးကိစ္စအတွက်သွားလာရန် အပြင်ထွက်ကတ်များကို ထုတ်ပေးလျက်ရှိနေသည်။

ယင်းသို့ အပြင်ထွက်ခွင့်အထောက်အထားတစ်စုံတစ်ရာမပါရှိဘဲ အပြင်ထွက်သူများကို စစ်ဆေးပြီး အရေးယူမှုများ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ကျောက်ဖြူမြို့နယ်တွင်လည်း နေ့လည် ၁၁ နာရီနောက်ပိုင်း ကျန်းမာရေးကိစ္စမှလွဲ၍အပြင်ထွက်လျှင် သဘာဝဘေးအန္တဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ-၃၀(က)အရ အရေးယူသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ် ကာကွယ်၊ထိန်းချုပ်၊ကုသရေးကော်မတီက ထုတ်ပြန်ထားသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၅ နာရီအချိန်အထိ ထုတ်ပြန်ချက် အရ ရခိုင်တွင် ကိုဗစ်ပိုးတွေ့လူနာ (၁၈၁၁)ဦးအထိရှိလာနေပြီး ဆေးရုံမှဆင်းခွင့်ရရှိသူ  (၁၅၁၀) ဦးရှိကာ သေဆုံးသူ (၈) ဦးအထိရှိကြောင်း Rakhine Covid-19 Watch မှ သိရသည်။

မောင်တောမြို့ ကညင်ချောင်း ကုန်သွယ်ရေးစခန်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။
May 30, 2026
ဘင်္ဂလားဒေ့ရှ်- ရခိုင်ပြည်နယ်စပ် ကုန်သွယ်ရေးကို ဧပြီလအတွင်းက စတင်ဖွင့်လှစ်ပြီး...
May 30, 2026
၁၉၆၀ ကျော်ကာလတွေကို ပြန်ကြည့်ရင် ရခိုင်ပြည်အတွက် အလွန်ခက်ခဲတဲ့ ကာလတစ်ခုပါ။ လမ်းပန်း ဆက်သွယ်ရေး၊...
May 29, 2026
AA ထိုးစစ်ကို ခုခံရန်အတွက် စစ်အုပ်သည် ရခိုင်ပြည်၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့တွင်...
၂၀၂၃ ခုနှစ်အတွင်းက စစ်တွေမြို့ မြင်ကွင်း။ ဓာတ်ပုံ - DMG
May 28, 2026
ရခိုင်ပြည်တွင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို...