ပလက်ဝမြို့နယ်အတွင်း ကျေးရွာပေါင်း ၂၀၀ ကျော် ဆန်ပြတ်လပ်ဟုဆို

ပလက်ဝမြို့နယ်အတွင်း ကျေးရွာပေါင်း ၂၀၀ ကျော် ဆန်ပြတ်လပ်ဟုဆို

လားနွန် – တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့စစ်မက်ဖြစ်ပွားရာ ချင်းပြည်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် လုံခြုံရေးအခြေအနေကြောင့် ရေလမ်း ကုန်လမ်းများပိတ်ဆို့ကာ ကုန်စည်ဝင်ရောက်မှုမရှိတော့သည့်အတွက် ပလက်ဝမြို့နယ်အတွင်းက ကျေးရွာပေါင်း ၂၀၀ ကျော်ဆန်ပြတ်လပ်နေပြီဟု ချင်းစစ်ဘေးရှောင်ပြည်သူများ အရေးပေါ်ကူညီးရေးနှင့် ပြန်လည်ထူ ထောင်ရေးကော်မတီ RRCCI အဖွဲ့ထံမှ သိရသည်။

ပလက်ဝမြို့နယ်တွင် ယခုရက်ပိုင်းအတွင်တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း ပလက်ဝမြို့နယ်၏ အဓိကစားနပ်ရိက္ခာသယ် ဆောင်သည့်လမ်းကြောင်းများဖြစ်သော ရခိုင်ပြည်နယ် ကျောက်တော်လမ်း ပိတ်ဆို့သည့်အပြင် မတူပီ-ပလက်ဝ လမ်းသည်လည်း လုံခြုံရေးနှင့် ကားလမ်းအခြေအနေကြောင့် ဆမီးအထိ သွားရောက်နို်င်သည့်အတွက် ယခုကဲ့သို့ ဆန်ပြန်လပ်မှုဒဏ်ရင်ဆိုင်နေကြရခြင်းဖြစ်သည်ဟု RRCCI မှ မနန်းဝေကပြောသည်။

“ဒါကတကယ်တော့ စစ်ပွဲပြင်းပြင်းထန်ထန်ဖြစ်နေတဲ့ ၂၀၂၀ အစောကတည်းက ကျမတို့ ဆန်ပြတ်လပ်နေတဲ့ကျေးရွာ တွေရှိနေပြီးသားဖြစ်တယ် ဒါပေမဲ့အခုလိုမျိုးအရေအတွက်တက်လာတာ ကျေးရွာပေါင်း (၂၀၀) ကျော် (၃၀၀) ကျော်ပြတ်လပ်သွားတယ်ဆိုတာမျိုးကတော့ တစ်လနီးပါး ရက် (၂၀) ဝန်းကျင်လောက်ရှိနေပြီ မြို့ပေါ်မှာတော့ ဆန်လုံးဝဝယ်စရာတော့မရှိဘူး’’ ဟု မနန်းဝေကပြောသည်။

ယခင် ပလက်ဝမြို့နယ်၏ အဓိကစားနပ်ရိက္ခာ သယ်ဆောင်နေသည့် ရခိုင်ပြည်နယ်ကျောက်တော်လမ်းတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် တို့တိုက်ပွဲပြင်းထန်ခြင်းနှင့် နယ်မြေလုံခြုံမှုမရှိခြင်းကြောင့် ၂၀၁၉ ဇန်နဝါရီလမှ စပြီး သွားလာမှုရပ်ဆိုင်းပြီးဖြစ်ကာ မြန်မာ့တပ်မတော်မှ လုံခြုံရေးအကြောင်းပြပြီး ဖြတ်လေးဖြတ် ဖြတ်ထားမှုသည် ဖြေလျော့လိုက်လျင် ကုန်စျေးနှုန်းမြင့်တက်မှုသည်လည်း လျော့ကျနိုင်မည်ဖြစ်သည်ဟု သူမကဆက်ပြောသည်။

“ အထူးသဖြင့် စစ်တပ်ဘက်ကပေါ့နော် လုံခြုံရေးကိုအကြောင်းပြုပြီးတော့ ပိတ်ဆို့မှုတွေပေါ့နော် ဖြတ်လေးဖြတ်ပုံစံမျိူးနဲ့ လုပ်ထားတဲ့အခါကျတော့ ကုန်စျေးနှုန်းကမြင့်တက်နေတဲ့အနေအထားမှာရှိနေပြီးတော့ နောက်တစ်ချက်က ကိုဗစ်-၁၉ ရောဂါကူစက်မှုထိန်းချူပ်ဖို့ ဥပဒေမျိူးနဲ့ထုတ်ပြန်တဲ့အခါကျတော့ လမ်းကြောင်းတွေက အရင်ထက်ပိုပြီးတင်းကြပ်သွားတော့ ခုလိုမျိူးဆန်ကပြတ်လပ်သွားတာပေါ့နော်’’ ဟု မနန်းဝေကပြောသည်။

ယခုလက်ရှိ ပလက်ဝမြို့ပေါ်တွင် ဆန်တစ်အိတ်ကို ကျပ်ငွေ (၇၀၀၀၀) ခန့်စျေးပေါက်နေပြီး ကြက်ဥတစ်လုံးမှာလည်း ၅၀၀ ခန့်စျေးပေါက်နေသည်ဟုသိရသည်။ လူဦးရေတစ်သိန်းကျော်နေထိုင်ပြီး ကျေးရွာပေါင်း ၄၀၀ နီးခန့်ရှိသည့် ပလက်ဝမြို့နယ်တွင် ကျေးရွာထက်ဝက်ကျော်သည် ဆန်ပြတ်လပ်သည့်အနေအထားရှိရောက်ရှိနေခြင်းဖြစ်သည်။

ပလက်ဝမြို့နယ်ဆန်ပြတ်လပ်မှုနှင့်ပတ်သက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့ကတော့ ပလက်ဝမြို့နယ်သို့ ဆန်အိတ်များအမြန် ဆုံးပို့ဆောင်နိုင်ရန်ဆောင်ရွက်နေသည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

“အခု ဆမီးထိကိုပို့ထားပြီးတော့ ဆမီး ပလက်ဝကို ပို့လို့မရဘူးဖြစ်နေတယ်။ အခုတော့ မနေ့ကပဲ ဆန်အိတ် (၃၀၀) မြို့ပေါ်ရောက်နေပြီ၊ (၃၀၀) ရောက်တယ်ဆိုတာက ကျနော်တို့ပို့တာမဟုတ်ဘူး အမှန်ကတော့ တပ်ကို အကူအညီတောင်းပြီးတော့ တပ်ကနေချေးပေးလိုက်တာ၊ အခုဒုက္ခသည်တွေရော မြို့မှာရှိတဲ့လူတွေရော ဖြန့်ဖို့ကျနော်တိုလုပ်နေပါပြီ၊ ပြီးရင်ကျေးရွာတွေအတွက်ကလည်း တစ်ရွာနဲ့ တစ်ရွာသွားလာလို့ ဒီစစ်ရေးအခြေအနေနဲ့ အခက်အခဲနည်းနည်းရှိတယ်။ အဲဒါကို ကျနော်တို့ ပခုက္ကူဘက်ကနေ ကလေးဘက်ကနေ မတူပီလမ်းဖြတ်ပြီးပို့နေတယ်။ ဒါပေမဲ့ကားလမ်းကအခြေအနေမကောင်းတော့ သွားရတာ သိပ်အဆင်မပြေဘူး။ ဒီရက်ပိုင်းမှာပဲ ကျနော်တို့ နောက်ထပ်ဆမီးကနေပို့ဖို့လုပ်နေပါတယ်။ ဆမီးမှာ ဆန်အိတ် (၉၅၀) ရှိပါတယ် အဲဒါပို့ဖို့ ကျနော်တို့ ကားတွေစီစဉ်နေပါတယ်” ဟု ဝန်ကြီးဦးစိုးထက်ကပြောသည်။

ပလက်ဝမြို့နယ်အတွက် ထောက်ပံ့သည့်အလှူရှင်များ တဖြည်းဖြည်းလျော့နည်းခြင်းကြောင့် ဆန်အိတ်များအခမဲ့ ပေးဝေရန်အခက်အခဲရှိလာပြီး ပလက်ဝမြို့ပေါ်သို့ဆန်အိမ်များရောက်ရှိသည့်အခါတွင်လည်း တစ်အိတ်ကို ထက်ဝက်စျေးနှုန်း(၃၀၀၀၀) ကျပ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဟု ဝန်ကြီးကဆက်ပြောသည်။

ယခုလက်ရှိဆန်ပြတ်လပ်မှုအများစုကျေးရွာများသည် ပလက်ဝမြို့ အထက်ပိုင်း၊ အရှေ့ခြမ်းနှင့် ကုလားတန်မြစ်၏ အနောက်ဘက်ကမ်းတို့မှှ ကျေးရွာများဖြစ်ကြသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ စစ်မက်ဖြစ်ပွားသည့် ပလက်ဝမြို့နယ်တွင် စစ်ဘေးရှောင်စခန်း (၄) နေရာရှိပြီး ၎င်းတို့မှာ ပလက်ဝစစ်ရှောင်စခန်း၊ ဆမီးစစ်ရှောင်စခန်းနှင့် စိမ့်စင်းဝစစ်ရှောင်စခန်းနှင့် မီးဇာစစ်ရှောင်စခန်းတို့တွင် စစ်ဘေးရှောင် (၁) သောင်းကျော်ရှိသည်။

Most read this week

December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...