ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးကို ထောက်ပံ့ငွေများဖြတ်စားသည့်ကိစ္စဖြင့်အရေးယူပေးရန် အဂတိ ကော်မရှင်ထံတိုင်ကြား

ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးကို ထောက်ပံ့ငွေများဖြတ်စားသည့်ကိစ္စဖြင့်အရေးယူပေးရန် အဂတိ ကော်မရှင်ထံတိုင်ကြား
ဧပြီလတွင် အစိုးရကထောက်ပံ့ပေးသည့် စားသောက်ကုန်ငါးမျိုးအားပေးအပ်နေစဉ်။
ဧပြီလတွင် အစိုးရကထောက်ပံ့ပေးသည့် စားသောက်ကုန်ငါးမျိုးအားပေးအပ်နေစဉ်။

မျိုးမြင့်ဇော် — ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ နတ်မော်ကျေးရွာတွင် နိုင်ငံတော်အစိုးရကထောက်ပံ့ငွေကို ဒေသခံများထံ မပေးဘဲ အုပ်ချုပ်ရေးမှူးက ဖြတ်စားသည်ဟုဆိုကာ ၎င်းကိုအရေးယူပေးရန် ဒေသခံများက အာဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အား တိုင်ကြားထားကြောင်း အဆိုပါကျေးရွာရှိဆယ်အိမ်မှူးထံမှ သိရသည်။

ကိုဗစ်ထောက်ပံ့ငွေနှင့် ကိုယ်ဝန်ဆောင်နှင့်ကလေးသူငယ်များအားပေးသည့် လူမှုဖူလုံရေးထောက်ပံ့ငွေများ၊ ကျေးရွာပိုင်မြေများကို ရောင်းစားသည့်ငွေအပါအဝင် စုစုပေါင်းသိန်း ၂၆၀ ကျော်ခန့်ကို ဦးချစ်မောင်မောင် ဆိုသူက ကျေးရွာအုပ်ချုပ်ရေးမှူးတာဝန်ယူထားစဉ် ဖြတ်ယူသွားကြောင်း ဆယ်အိမ်မှူး ဦးစိုးလှိုင်က စွပ်စွဲ ပြောဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်ပြီး ကျေးရွာသားများက စက်တင်ဘာ ၂၁ ရက်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ လက်မှတ်ထိုးတိုင်ကြားခဲ့ခြင်းဖြစ်သည်။

တိုင်ကြားခံရသည့် နတ်မော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချစ်မောင်မောင်မှာ လက်ရှိတွင် တာဝန်မှ အနားယူသွားပြီး ၎င်း၏ဆွေမျိုးတော်စပ်သူက ယာယီအုပ်ချုပ်ရေးမှူး တာဝန်ကိုယူထားကြောင်း အစိုးရထောက်ပံ့ငွေများကို ဖြတ်ယူသည့် နတ်မော်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းကိစ္စကို အဂတိကော်မရှင်က ကိုင်တွယ်နေပြီ ဖြစ်ကြောင်း သိရသည်။

နတ်မော်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးချစ်မောင်မောင်သည် ပြီးခဲ့သည့် ဧပြီလက ကိုဗစ်ကပ်ရောဂါ ပထမလှိုင်း စတင်ဖြစ်ပွားသည့်ကာလတွင် အစိုးရက နတ်မော်ရွာက အိမ်ထောင်စု ၁၁၉ စုကို စားသောက်ကုန် ၅ မျိုးချပေးရာတွင် အိမ်ထောင်စု ၃၉စု ကိုသာပေးခဲ့ကြောင်း၊ ကိုဗစ်ထောက်ပံ့ငွေနှစ်သောင်းပေးသည့် အကြိမ် တွင်လည်း တစ်ယောက်မှမရခဲ့ကြောင်း ကိုဗစ်ကာလသက်ကြီးရွယ်အိုများ ထောက်ပံ့ငွေများကို ဖြတ်စား ထားကြောင်း ဦးစိုးလှိုင်ကဆိုသည်။

“အုပ်ချုပ်ရေးမှူးက အစိုးရထောက်ပံ့ငွေတစ်ကြိမ်ထုတ်ရင် သိန်းသုံးဆယ်၊ နှစ်ကြိမ်ဆိုတော့ သူသိန်းခြောက်ဆယ် စားသွားပြီ၊ ကိုယ်ဝန်ဆောင်မိန်းမတွေကိုပေးတဲ့ သိန်းတစ်ရာကျော်ထဲက ဆယ့်လေးသိန်း ယူတယ်၊ သက်ကြီးရွယ်အိုတွေကိုပေးတဲ့ ထောက်ပံ့ငွေထဲကလည်း စားသေးတယ်၊ သူစားသွားတာ အားလုံးပေါင်း သိန်းနှစ်ရာခြောက်ဆယ်လောက်ရှိတယ်” ဟု နတ်မော်ကျေးရွာအုပ်ချုပ်ရေးပိုင်းက ဆယ်အိမ်မှူး ဦးစိုးလှိုင်က ပြောသည်။

ဦးချစ်မောင်မောင် အုပ်ချုပ်ရေးမှူးတာဝန်ယူစဉ်ကာလက အစိုးရထောက်ပံ့ငွေပေးရန်အတွက် ရွာ၌စာရင်း ကောက်သည့်အခါတွင် ၎င်းနှင့် အဆင်ပြေခင်မင်သူများကိုသာ စာရင်းကောက်သည့်အတွက် ရသူရ၊ မရသူမရ ဖြစ်ကြကြောင်း နတ်မော်ကျေးရွာသား ကိုဇော်လင်းအောင်ကပြောသည်။

“ရွာထဲမှာ သူ့ကျပေးတယ်၊ ငါ့ကြ မပေးဘူး၊ ငါနဲ့အမျိုးမတော်လို့မပေးတာလား အမျိုးတော်မှရတာလားဆိုပြီး ပြောနေကြတယ်၊ ပေးရင်လည်း မျှမျှတတပေးစေချင်တယ်” ဟု ၎င်းကပြောသည်။

နတ်မော်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးချစ်မောင်မောင်ကိစ္စကို ဒေသအာဏာပိုင်က အရေးယူဆောင်ရွက် ထားမှုနှင့်ပတ်သက်ပြီး တောင်ကုတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမင်းသူနှင့် တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနိုင်တို့ကို DMG က အောက်တိုဘာ ၆ ရက်၌ ဆက်သွယ်မေးမြန်းသည့်အခါတွင် ဦးချစ်မောင်မောင်ကို အရေးယူနိုင်ရန်အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး စစ်ဆေးဆဲဖြစ်ကြောင်းဖြေဆိုခဲ့သည်။

နတ်မော်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးချစ်မောင်မောင်ကို DMG က ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုးပမ်း ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...
Wai Hun Aung / စက်တင်ဘာလ ၄ ရက်နေ့က စစ်အုပ်စုတပ်၏ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် သမိုင်းဝင် ဂူဝဘုရား ထိခိုက်ပျက်စီးခဲ့ရစဉ်။
September 10, 2026
တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ဒေသတွင် စစ်အုပ်စုတပ်က အကာအကွယ်ပေးရမည့် ဥပဒေများကို ချိုး ဖောက်...
စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...