ဘူးသီးတောင် ဝမ်းတွင်းရွာအနီး ရက်ဆက်တိုက်ပွဲဖြစ်ပွားနေ၍ ကျေးရွာသားများထိတ်လန့်စိုးရိမ်နေဟုဆို

ဘူးသီးတောင် ဝမ်းတွင်းရွာအနီး ရက်ဆက်တိုက်ပွဲဖြစ်ပွားနေ၍ ကျေးရွာသားများထိတ်လန့်စိုးရိမ်နေဟုဆို

ခိုင်လူလှ — ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စိမ်းညှင်းဝေ အုပ်စု၊ ဝမ်းတွင်း ကျေးရွာအနီးတွင် သုံးရက်မြောက်တိုက်ပွဲဆက်ဖြစ်ပြီး အောက်တိုဘာ ၇ ရက် ညနေ တိုက်ပွဲမှာ ပြင်းထန်သဖြင့် ကျေးရွာသားများမှာ အထူးထိတ်လန့် စိုးရိမ်လျှက်ရှိကာ ရွာကို စွန့်ခွာရန် စီစဉ်နေကြောင်း ဝမ်းတွင်းရွာ ကျေးရွာလူကြီးတစ်ဦးက ပြောသည်။

“ ဒီကနေ့ ဖြစ်တာက ခမွေချောင်းတောင်ကြောမှာပါ။ ညနေ ၄ နာရီ မိနစ် ၂ဝ လောက်က ဖြစ်တာ ၅ နာရီကျော်သွားပါတယ်။ ကျနော်တို့ ရွာနဲ့ဆို တစ်မိုင်တောင် မဝေးပါဘူး။ ၅ ဖာလုံ ၆ ဖာလုံလောက်ရှိပါမယ်။ တိုက်ပွဲက ပြင်းသလား မပြောနဲ့။ သေနတ်သံတွေကြောင့် နားတွေတောင် ပင်းသလို ဖြစ်သွားပါတယ်။ လက်နက်ကြီး လက်နက်ငယ်အသံ အစုံကြားရပါတယ်။ တိုက်ပွဲဖြစ်နေရာက ကျည်ဆံတွေရွာပေါ်က ဖြတ်ပါတယ်။ အခု ကြောက်လို့ ရွာကလူကြီးတွေ အိမ်တစ်အိမ်စုပြီး ပုန်းနေကြရပါတယ်” ဟု ၎င်းအရပ်လူကြီးက ပြောသည်။

ဝမ်းတွင်းရွာသည် ရခိုင်လူမျိုးများ နေထိုင်သည့် ကျေးရွာငယ် တစ်ရွာဖြစ်ပြီး အိမ်ခြေ ၃ဝ ကျော်ရှိကာ လူဦးရေ ၁၁ဝ ခန့်သာရှိသည်ဟု ပြောကြားသည်။

“ ရွာအနီးမှာ အေအေနဲ့ တပ်မတော် တိုက်ပွဲဖြစ်တာ သုံးရက်ရှိပါပြီ။ တိုက်ပွဲဖြစ်တဲ့ကစပြီး ရွာက ကလေးငယ်တွေကို ပြင်ရှည်ကျေးရွာကို ပို့ထားပြီး လူကြီးတွေဘဲ ရွာမှာ ကျန်ပါတယ်။ ရွာက လူတွေမှာ လယ်စိုက်ပျိုး ထားတာရှိတယ်။ နွားတွေ မွေးထားတာရှိတော့ ရွာကနေ ထွက်သွားရင် ပြန်မရောက်မှာကို စိုးရိမ်ပြီး ကြောက်ကြောက်လန့်လန့် နေနေကြတာပါ။ အဲဒီမှာ ဒီနေ့ဖြစ်တဲ့ တိုက်ပွဲက အရမ်းပြင်းထန်တော့ ဆက်နေလို့ ဖြစ်တော့မှာ မဟုတ်ဘူးဆိုပြီး အခုပဲ စုပြီးတိုင်ပင်နေကြတာပါ။ ဒီအတိုင်းဆိုရင် ပြင်ရှည်ရွာကို ဆုတ်ပြီး နေကြဖို့ တိုင်ပင်နေကြပါတယ်” ဟု ၎င်းက ပြောကြားသည်။

တိုက်ပွဲမှာ အောက်တိုဘာ ၅ ရက် နေ့လယ် ၁ နာရီ ပတ်ဝန်းကျင်တွင် ဝမ်းတွင်းရွာအနီး အင်းပေါက်တောင် နာရီကျော်ဝက်ခန့် ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြောင်း၊ အောက်တိုဘာ ၆ ရက်နေ့က ညနေ ၃ နာရီခန့်တွ် ဝမ်းတွင်းရွာ အရှေ့ဘက် ခမွေချောင်းကြော နာရီဝက်ခန့် ဖြစ်ပွားခဲ့သည်ဟု ၎င်းက ပြောသည်။

ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက “ တိုက်ပွဲဖြစ်နေတယ်ဆိုပြီး ဒီကနေ့ ညနေ ၄ နာရီကျော်က ရွာသားတွေ ဖုန်းဆက်လာပါတယ်။ တိုက်ပွဲဖြစ်တာက ဝမ်းတွင်းရွာနဲ့ အုတ်တောင်အကြား ကမ်းပိုင်ချောင်း၊ ခမွေချောင်းဆိုတာတွေ ရှိပါတယ်။ အဲဒီအနီးပတ်ဝန်းကျင်မှာ ဖြစ်နေတယ်လို့ သိရပါတယ်။ ဘူးသီးတောင်မြို့ပေါ်တပ်ရင်းတွေကလည်း လက်နက်ကြီးတွေ ပစ်ခတ်တာတွေရှိပါတယ်။ တပ်မဘက်က အသံတွေကြားရပါတယ်” ဟု ပြောဆိုသည်။

ယခုတိုက်ပွဲ ဖြစ်ပွားနေသော အနီးဝန်းကျင်တွင်ဝမ်းတွင်း၊ ပြင်ရှည်၊ ခမွေချောင်း စသည့်ကျေးရွာများရှိပြီး တိုက်ပွဲမှာအဆိုကျေးရွာများ အနီးရှိ တောင်ကြားထဲတွင် ဖြစ်ပွားနေသည်ဟု ပြောဆိုသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...