စစ်တွေမြို့မှ မြို့မိမြို့ဖဦးသာပွင့်ကို တပ်မတော်မှ ဗိုလ်မှူးတစ်ဦးက ၆၆(ဃ)ဖြင့် တရားစွဲ

စစ်တွေမြို့မှ မြို့မိမြို့ဖဦးသာပွင့်ကို တပ်မတော်မှ ဗိုလ်မှူးတစ်ဦးက ၆၆(ဃ)ဖြင့် တရားစွဲ

ဆောင်းဇာခြည် — ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ မြို့မိမြို့ဖတစ်ဦးဖြစ်သည့် ရှေ့နေဦးသာပွင့်ကို တပ်မတော်မှ ဗိုလ်မှူးတစ်ဦးမှ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုလိုက်သည်ဟု သတင်းရရှိသည်။

ဖေ့စ်ဘုတ် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် လက်ရှိ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ရေး ပဋိပက္ခအား ဝေဖန်ရေးသားသည့်အတွက် စစ်မြေပြင် အင်ဂျင်နီယာတပ် အမှတ် (၉) ဗိုလ်မှူးကျော်ဇောက တရားစွဲဆိုလိုက်ခြင်းဖြစ်ကြောင်း ကာယကံရှင် ဦးသာပွင့်က ပြောသည်။

“ဖေ့စ်ဘုတ်မှာ ပိုစ့်တစ်ခုနှစ်ခု တင်တာကြောင့် စွဲတယ်လို့ ပြောတယ်ပေါ့။ မြောက်ဦးက လူကို တပ်က ခေါ်သွားတယ်၊ ခေါ်သွားပြီးတော့ အလောင်းကိုပဲ ပို့လာတယ်၊ ပြောက်ကျားမှာ ထောင်မရှိဘူး။ အခု စစ်သားမှာလည်း ထောင်မရှိဘူးဖြစ်နေပြီ။ အဲဒါရယ်ပေါ့။ နောက်တစ်ခု ဓါတ်ပုံနဲ့တကွတက်လာတယ်။ ကလေးတစ်ယောက်က ကျည်ထိပြီးပေါ့။ အဲဒါကို ဟော ဒီမှာလည်း အေအေ တစ်ယောက်ပဲဆိုတာမျိုးတွေ တင်ခဲ့တာပေါ့။ အဲဒါတွေ တင်ခဲ့လို့ စွဲတယ်လို့ ပြောတယ်။ ဒါက လူတွေ အကုန်လုံးက ရှယ်နေကြ၊ တင်နေကြတာပဲလေ။ သူတို့က ဒါကို သက်သက်မဲ့ အကြောင်းပြပြီး လုပ်တာပေါ့” ဟု ဦးသာပွင့်က နိရဥ္စရာသို့ ပြောသည်။

အောက်တိုဘာ ၇ ရက်နေ့ နံနက် ၁ဝ နာရီခန့်က ဦးသာပွင့်၏ နေအိမ်သို့ တာဝန်ရှိ ရဲဝန်ထမ်း ၃ ဦးတို့က လာရောက်ကာ ၄င်းအား စစ်တွေမြို့နယ် တရားရုံးသို့ ခေါ်ဆောင်လာခဲ့ပြီး တရားရုံး၌ ရုံးတင်ကာ ညနေပိုင်းတွင် အာမခံ ပေးပြီး ပြန်လွှတ်ပေးလိုက်ကြောင်း ၄င်းက ဆက်ပြောသည်။

ဦးသာပွင့်၏အမှုအား ကူညီဆောင်ရွက်ပေးမည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က “အာမခံ သိန်း ၂ဝ နဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။ ဒီနေ့ ရုံးတင်ခဲ့တာပေါ့နော်။ ဒီနေ့က တရားရုံးကို တရားစွဲတင်တဲ့နေ့ပေါ့။ ” ဟု နိရဥ္စရာသို့ ပြောသည်။

စစ်တွေမြို့နယ် တရားရုံး၌  အောက်တိုဘာ ၂၁ ရက်နေ့ ဒုတိယအကြိမ် ရုံးချိန်းခေါ်လိုက်ကြောင်း သိရသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...