နှင်းနှင်း – နယ်မြေလုံခြုံရေးအခြေအနေကြောင့် ဆမီးမြို့တွင်သောင်တင်နေသော ဒီဇယ်ဆီများ သယ်ယူ၍ မရသေးသည့်အတွက် ပလက်ဝမြို့တွင် လျှပ်စစ်ဓာတ်အားမဖြန့်ဖြူးပေးနိုင်သေးကြောင်း ပလက်ဝမြို့နယ်အထွေထွေအုပ်ချူပ်ရေးမှူး ဦးအောင်လောဟာကပြောသည်။
“ မီးက ခုထိမပေးနိုင်သေးဘူး၊ ဆီသယ်လို့မရလို့ဘူး၊ လမ်းပန်းဆက်သွယ်ရေးရော လုံခြုံရေးအရရော သွားလို့လာလို့ မလွတ်လပ်တာလည်းပါတယ် ” ဟု ဦးအောင်လောဟာကပြောသည်။
ပလက်ဝမြို့နယ်သည် မဟာဓာတ်အားလိုင်းမရောက်ရှိနိုင်သေးသည့်အတွက် မြို့နယ်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေး ဦးစီးဌာနမှ ဒီဇယ်ဆီအသုံးသော မီးစက်ဖြင့် ယခင်က တစ်ရက်လျှင် (၄) နာရီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးလေ့ရှိသော်လည်း ဒီဇယ်ဆီပြတ်လတ်သွားသည့်အတွက် အောက်တိုဘာလ ၁ ရက်နေ့စ၍ ဓာတ်အားဖြန့်ဝေမှုပြတ်တောက်သွားခဲ့ခြင်းဖြစ် သည်။
ပလက်ဝမြို့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရာတွင် အသုံးပြုရန် ဒီဇယ်ပေပါ (၁၂၀) လုံးသည် ဆမီးမြို့တွင် သောင်တင်နေပြီး နယ်မြေလုံခြုံရေးအခြေအနေကြောင့် ယခုချိန်ထိ သယ်ယူရန်အခက်အခဲရှိနေကြခြင်းဖြစ်သည်။
ယခုကဲ့သို့ ပလက်ဝမြို့တွင် လျှပ်စစ်ဓာတ်အားမရရှိကြတော့သည့်အတွက် မြိုခံပြည်သူများလည်း အခက်ကြုံနေကြရ သည်ဟု ပလက်ဝမြို့ဒေသခံ ဆရာမအောင်မဖြူကပြောသည်။
“ မီးမရတာ ( ၇) ညရှိပြီ ဆိုလာမီးရှိတဲ့သူတွေက အဆင်ပြေတယ်၊ ဆိုလာမရှိတဲ့သူတွေက အဆင်မပြေဘူး မီးက အခက်အခဲဖြစ်နေတယ်၊ ပြီးတော့ လျှပ်စစ်ကိုအသုံးပြုပြီး လုပ်ရတဲ့အလုပ်တွေလည်း အကုန်ထိခိုက်ကုန်တယ်” ဟု ဆရာမအောင်မဖြူကပြောသည်။
ပလက်ဝမြို့နယ်သည် မြန်မာ့တပ်မတော် နှင့် ရက္ခိုင့်တပ်တော် (AA ) တို့ စစ်ဖြစ်ပွားရာဒေသဖြစ်ပြီး နယ်မြေတည် ငြိမ်မှုမရှိသောကြောင့် စက်သုံးဆီများ သယ်ယူရန် အခက်အခဲဖြစ်နေသည့်အတွက် ပလက်ဝမြို့နယ်တွင် လျှပ်စစ်မီး ပြတ်တောက်မှုမကြခဏဖြစ်ပွားလေ့ရှိသည်။







