ဘူးသီးတောင်မြို့နယ် တိုက်ပွဲအတွင်း မွတ်ဆလင်အရပ်သား နှစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာပြင်းထန်

ဘူးသီးတောင်မြို့နယ် တိုက်ပွဲအတွင်း မွတ်ဆလင်အရပ်သား နှစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာပြင်းထန်

ကျော်မျိုးအောင် — ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် စံညှင်းဝေအုပ်စုရှိ ပြင်ရှည်(မွတ်ဆလင်)ကျေးရွာနှင့် တစ်မိုင်ကျော်အကွာတွင် အောက်တိုဘာ ၅ ရက် ညနေပိုင်းက တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကျေးရွာသား များထံမှ သိရသည်။

ယင်းတိုက်ပွဲအတွင်း ပြင်ရှည်(မွတ်ဆလင်)ကျေးရွာမှ ကျေးရွာသားနှစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသွားခဲ့သည်ဟု ကျေးရွာသားများကပြောသည်။

ပြင်ရှည်(မွတ်ဆလင်)ကျေးရွာမှ နွားကျောင်းနေသူများအပါအဝင် ရွာသား ၁၄ ဦးကို တပ်မတော်စစ်ကြောင်း တစ်ခုမှ ခေါ်ဆောင်သွားခဲ့ပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ယင်းသို့ ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာတာဝန်ရှိသူ ဦးဆော်လိမ်က ပြောသည်။

“စစ်ကြောင်းတစ်ခုက ကျွန်တော်တို့ကျေးရွာက နွားကျောင်းနေသူတွေနဲ့ လမ်းမှာတွေ့သူတွေ ၁၄ ဦးကို နေရာ အသီးသီးက ဖမ်းခေါ်သွားတယ်။ သူတို့ကို ရှေ့ကသွားခိုင်းတယ်လို့ ပြောကြတယ်။ ရွာနဲ့တစ်မိုင်ကျော် တောလမ်း အရောက် ညနေ ၄ နာရီလောက်မှာ တိုက်ပွဲဖြစ်တယ်လို့ သိရတယ်။ တိုက်ပွဲဖြစ်တော့ ဖမ်းခေါ်လာတဲ့သူတွေလည်း အသီးသီးထွက်ပြေးလာကြတယ်။ ဒဏ်ရာရရှိသူတစ်ဦး ပါလာတယ်။ ဘယ်ဖက်ကပစ်လိုက်လဲ မသိဘူး၊ တိုက်ပွဲကြားမှာ ညှပ်သွားကြတာပေါ့” ဟု ၎င်းက ရှင်းပြသည်။

တိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့သည့် ကာလာဖူတီယာ (၃၀)နှစ်မှာ အောက်တိုဘာလ ၅ ရက်နေ့ ညဉ့်အချိန်တွင် ဘူးသီးတောင်ဆေးရုံသို့ ရောက်ရှိလာပြီး ၎င်းတွင် ရင်ဘတ်၊ ဝမ်းဗိုက်အောက်ဖက်နှင့် ဘယ်လက်မောင်းတို့၌ ကျည်ထိဒဏ်ရာများ ရရှိထားသဖြင့် အသက်အန္တရာယ်စိုးရိမ်ရကြောင်း ဖခင်ဖြစ်သူ ဦးဖွေးယက်က ဆိုသည်။

“ကျနော့်သားမှာ သေနတ်ကျည်ထိမှန်သွားတယ်။ နှစ်ဖက်တိုက်ပွဲဖြစ်တာ ဘယ်ဖက်ကပစ်လို့ ထိမှန်သွားလဲ မသိဘူး။ ဒဏ်ရာပြင်းထန်လို့ ဘူးသီးတောင်ဆေးရုံကိုကားနဲယူလာတယ်။ အသက်ရှင်မယ်တောင် မထင် တော့ဘူး” ဟု ၎င်းကပြောသည်။

တပ်မတော်ကခေါ်ဆောင်သွားသည်ဆိုသည့် ပြင်ရှည်(မွတ်ဆလင်)ကျေးရွာမှ ကျေးရွာသား ၁၄ ဦးအနက် ယမန်နေ့က ဒဏ်ရာရရှိသူတစ်ဦးအပါအဝင် ၁၂ ဦးမှာ ကျေးရွာသို့ ပြန်လည်ရောက်ရှိလာသော်လည်း အန်နာတူလာ ၁၂ နှစ်နှင့် အဏဝါဟူဆောင် ၁၆ နှစ်တို့မှာ ပြန်ရောက်လာခြင်းမရှိခဲ့ပေ။

ထွက်ပြေးလွတ်မြောက်လာသူများက ပျောက်ဆုံးနေသူထဲမှတစ်ဦးမှာ ကျည်ထိမှန်ပြီး ကျန်ခဲ့သည်ကို တွေ့ရှိခဲ့ကြောင်း ပြောဆိုကြသည်။

ယင်းသို့ ပျောက်ဆုံးနေသူနှစ်ဦးမှာ ကျည်ထိမှန်ဒဏ်ရာများဖြင့်သေဆုံးနေသည်ကို အောက်တိုဘာ ၆ ရက် နံနက်ပိုင်းက ရှာဖွေတွေ့ရှိခဲ့ကြောင်း ကျေးရွာတာဝန်ရှိသူ ဦးဆော်လိမ်ကပြောသည်။

“မနေ့က တိုက်ပွဲမှာပျောက်ဆုံးနေတဲ့ ကလေး ၂ ဦးကို ဒီနေ့မနက် ၇ နာရီလောက်မှာ ရွာသားတွေသွားရှာ ကြတယ်။ မနေ့ကတိုက်ပွဲဖြစ်တဲ့အနီး ဆည်အောက်မှာ ကျည်ဒဏ်ရာတွေနဲ့ အသေတွေ့ရတယ်လို့ သိရတယ်။ မြို့နယ်ထွေ/အုပ်ကတော့ ဆေးရုံကိုယူလာလည်းရတယ်။ မိဘတွေဆန္ဒအတိုင်း လုပ်ပါလို့ပြောတယ်။ မိဘတွေ ကတော့ ရွာမှာပဲ ဘာသာရေးထုံးတမ်းအရ သင်္ဂြိုလ်မယ်လို့ ပြောတယ်” ဟု ၎င်းက ရှင်းပြသည်။

ယင်းသို့ ပြင်ရှည်(မွတ်ဆလင်)ကျေးရွာမှ ရွာသားများကို တပ်မတော်စစ်ကြောင်းမှ ခေါ်ဆောင်သွားပြီးနောက် တိုက်ပွဲကြားတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကျေးရွာသားများ၏ ပြောကြားချက်နှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းအား ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က “စစ်တပ်က ခေါ်သွားတယ်လို့တော့ မသိရဘူး။ မနေ့က လူ ၁၄ ယောက် ပြင်ရှည်ရွာနဲ့ တစ်မိုင်ကျော်ဝေးတဲ့နေရာမှာ ငါးရှာနေကြတာ။ တိုက်ပွဲဖြစ်တဲ့ကြားမှာ ညှပ်ပါ သွားတယ်၊ ကလေး ၂ ဦးသေတယ်။ မနေ့က ဒဏ်ရာရသူကို စစ်တပ်ကရဟတ်ယာဉ်နဲ့ စစ်တွေကို ယူသွားမယ်လို့ သိရတယ်” ဟု ပြောသည်။

ထို့အပြင် မင်းပြားမြို့တွင်လည်း အောက်တိုဘာလ ၅ ရက် ညဉ့်အချိန်၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဦးစိုးတင့် ရပ်ကွက်ရှိ ချောင်းကူးတံတားအနီးတွင် မွတ်ဆလင်သုံးဦး သေနတ်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။

ရသေ့တောင်မြို့နယ် ပြင်ဝန်းကျေးရွာတွင်လည်း ယနေ့အောက်တိုဘာလ ၆ ရက်၌ လက်နက်ကြီးကျရောက် မှုကြောင့် အသက် ၉၀ ကျော်အရွယ် အဘိုးအိုတစ်ဦးနှင့် အသက် ၈ နှစ်အရွယ်ကလေးတစ်ဦးတို့ ထိခိုက် ဒဏ်ရာရရှိသွားခဲ့သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂ နှစ်ခန့် ကြာမြင့်လာနေပြီး တိုက်ပွဲအကျိုးဆက်ကြောင့် အရပ်သားများထိခိုက်သေဆုံးမှု မြင့်တက်လျက်ရှိနေသည်။

ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...