စစ်တွေတွင် အပြင်ထွက်ကဒ်ဖြင့်သွားလာမှု ရှိ/ မရှိ ယခုလ ၇ ရက်နေ့မှစတင်၍ စစ်ဆေးမည်

စစ်တွေတွင် အပြင်ထွက်ကဒ်ဖြင့်သွားလာမှု ရှိ/ မရှိ ယခုလ ၇ ရက်နေ့မှစတင်၍ စစ်ဆေးမည်

ဆောင်းဇာခြည် — ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အပြင်ထွက်ကဒ်ဖြင့် သွားလာမှု ရှိ/ မရှိ ယခုလ ၇ ရက်နေ့မှစတင်၍ စစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ အပြင်ထွက်ကဒ်မှာ တစ်အိမ်ထောင်စုစီကို ဈေးဝယ်ရန်ကဒ်ပြားနှင့် ကျန်းမာရေးကဒ်ပြားဟူ၍ ကဒ်ပြား ၂ ခုစီ ပေးသွားမည်ဖြစ်ကြောင်း စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးက ပြောသည်။

“ကျွန်တော်တို့ ၇ ရက်နေ့စပြီး စစ်ဆေးသွားမယ်။ ကဒ်တွေက အခု ဆိုင်မှာ အပ်ထားပါတယ်။ ၅ ရက်နေ့လောက်ဆို ရကြမှာပါ။ ရပ်ကွက်အလိုက် ပေးသွားမှာပေါ့နော်။ တစ်အိမ်ထောင်စုကို ဈေးဝယ်ခွင့်ကဒ်ပြားနဲ့ ဆေးခန်းသွားရင် ယူမယ့် ကဒ်ပြား နှစ်ခုစီ ပေးမှာပါ။ အဲဒီကဒ်ပြားမပါရင် အဖွဲ့ ၃ ဖွဲ့ခွဲပြီး မြို့ထဲမှာ လိုက်ဖမ်းမှာပါ။ အဓိကကတော့ မလိုအပ်ဘဲနဲ့ အပြင်ထွက်တာတွေ လမ်းပေါ်မှာ စုဝေးနေတာတွေ မဖြစ်အောင်လို့ ဖမ်းမယ်၊ စစ်မယ်ပေါ့” ဟု ဦးအောင်ဇော်ဦးက နိရဉ္စရာသို့ ပြောသည်။

ဈေးဝယ်ခွင့်ကဒ်ပြားကိုယူပြီး ဈေးနှင့်မသက်ဆိုင်သည့် နေရာသို့ သွား၍မရကြောင်း၊ ကျန်းမာရေးကဒ်ပြားကို ယူဆောင်ကာ ကျန်းမာရေးနှင့် မသက်ဆိုင်သည့် နေရာတို့အား မသွားဆောင်ရကြောင်း၊ ကဒ်ပြားနှင့် မသက်ဆိုင်သည့် နေရာတို့တွင်တွေ့လျှင်လည်း ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ လိုက်နာမှုမရှိသူအား ဖမ်းမိလျှင် ဒဏ်ငွေ တစ်သောင်း ပေးရမည်ဖြစ်ကြောင်း ဦးအောင်ဇော်ဦးက ပြောသည်။

အဆိုပါ ညွှန်ကြားချက်အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကာ ညွှန်ကြားခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။

ယင်းကဲ့သို့ တစ်အိမ်ထောင်စုစီကို ကဒ်ပြား ၂ ခုစီပေးမည်ဖြစ်ပြီး လက်လုပ်လက်စား အလုပ်သမားများ အနေဖြင့် မဖြစ်မနေ နေအိမ်မှ ထွက်ရမည်ဆိုလျှင် ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးများထံမှ ထောက်ခံစာယူဆောင်ကာ သွားရမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

“တစ်အိမ်ထောင်စုစီကို ကဒ်နှစ်ခုပေးမှာပေါ့။ လက်လုပ်လက်စား အလုပ်သမားတွေကတော့ ရပ်ကွက်က ထောက်ခံစာယူရမယ်။ သူတို့က ဈေးဝယ်ကဒ်တို့ ကျန်းမာရေးကဒ်တို့ မပါရင်လည်း အရေးယူမခံရဘူး။ ဒါပေမယ့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်ပါရမယ်။ ဒါက တကယ့် Stay Home ဖြစ်စေဖို့အတွက် ရည်ရွယ်တာပေါ့။ အိမ်ထဲမှာ နေထိုင်ဖို့အတွက် ကျွန်တော်တို့က ဘယ်လိုထိန်းချုပ်ရမလဲဆိုပြီး အဲဒီ အပြင်ထွက်တဲ့ သူတွေမှာလည်း အထောက်အထားလေး တစ်ခုနဲ့ဆိုရင် ပိုပြီး အဆင်ပြေမယ်ဆိုပြီး စီစဉ် တာပေါ့။  ” ဟု ဦးဝင်းမြင့်က နိရဉ္စရာသို့ ပြောသည်။

နေအိမ်တစ်အိမ်စီမှ နေမကောင်းသူအနေဖြင့် ကျန်းမာရေးကဒ်ကို ယူဆောင်ကာ ကျန်းမာရေးဌာနသို့ သွားစဉ် အဖော် (သို့မဟုတ်) ယာဉ်မောင်းတစ်ဦးစီက လိုက်ပေး၍ ရကြောင်း၊ ယင်း အဖော် (သို့မဟုတ်) ယာဉ်မောင်းအား ကဒ်ပြားမပါလျှင်လည်း အရေးမယူကြောင်း ဦးဝင်းမြင့်က ဆက်ပြောသည်။

ထိုကဲ့သို့ ပြင်ထွက်ခွင့်စနစ်ဖြင့် ထိန်းချုပ်မှုမှာ လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ အခြေနေကို ကြည့်ကာ အချိန်တစ်ခု အတိုင်းအတာအထိ ထိန်းချုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် အောက်တိုဘာ ၄ ရက် ည ၈ နာရီအထိ  ကိုဗစ်-၁၉ လူနာ စုစုပေါင်း ၁၇၆၇ ဦး၊ ကိုဗစ်-၁၉ ရောဂါ ကင်းစင်၍ ဆေးရုံဆင်းခွင့်ရသူ ၁၃၄၉  ဦးနှင့်  သေဆုံးသူ ၄ ဦးရှိပြီဖြစ်ကြောင်း ကိုဗစ်-၁၉ စောင့်ကြည့်ရေးအဖွဲ့မှ ကိုဇော်လှိုင်ထွန်းက ပြောသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...