ပလက်မြို့တွင် မျှစ်ခူးသွားသည့် အမျိုးသမီးတစ်ဦးမိုင်းနင်း သေဆုံး

ပလက်မြို့တွင် မျှစ်ခူးသွားသည့် အမျိုးသမီးတစ်ဦးမိုင်းနင်း သေဆုံး

အိမ်စိုးဖြူ — ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် ရခိုင် အမျိုးသမီးတစ်ဦးသည် စက်တင်ဘာ ၁၈ ရက် နံနက် ၉ နာရီခန့်က ပလက်ချောင်းနံဘေး အောင်စေတီအနီးတွင် မိုင်းနင်းမိ၍ ၎င်းနေရာတွင် ပွဲချင်းပြီးသေဆုံးသွားကြောင်းသတင်းရရှိသည်။

သေဆုံးသူမှာ ပလက်ဝမြို့၊ မြို့မရပ်ကွက်နေ ဒေါ်မေနုသိန်း(၄၂)နှစ်ဖြစ်သည်။

သူမသည် အဖော်အမျိုးသမီးနှစ်ဦးနှင့်အတူ (၂၈၉) တပ်ရင်း အောက်ဘက် ပလက်ချောင်းနဘေးတွင် မျှစ်ခူးနေရာမှ မိုင်းပေါက်ကွဲသဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း သူမအလောင်းအား ဆေးရုံသို့ပို့ဆောင်ရာတွင် ကူညီဆောင်ရွက်ပေးခဲ့သည့် အမည်မဖော်လိုအမျိုးသားက နိရဉ္စရာသတင်းဌာနအားပြောသည်။

“မျှစ်ခူးဖို့သွားကြတာ။အမျိုးသမီးသုံးလေးယောက်ပေါ့။ မေနုသိန်းက ပွဲချင်းပြီးသေတယ်။ နောက် အသက်ခြောက်ဆယ်ကျော် အမျိုးသမီးတစ်ယောက်ကတော့ မေနုသိန်းကိုမြင်လို့ သတိမေ့သွားတယ်။ အခုသူ့ကိုလည်းဆေးရုံတင်ထားတယ်။ သတိတော့ရပြီ။ မေနုသိန်းမှာ ခြေထောက်တွေ၊ လက်တွေနဲ့ တစ်ကိုယ်လုံးမှာ ဒဏ်ရာအပြည့်နဲ့ပါ။ အခုခွဲရုံပို့ထားပါတယ်အလောင်းကို” ဟုသူကပြောသည်။

သေဆုံးသူ ဒေါ်မေနုသိန်း၏ အမျိုးသားမှာ ပလက်ဝမြို့မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်းသိရသည်။

သေဆုံးသူအမျိုးသမီး၏ ခဲအိုဖြစ်သူက “ မျှစ်ခူးဖို့သွားတဲ့အချိန်မှာ မိုင်းပေါက်ပြီးအခုလိုဖြစ်သွားတာ။ တပ်ရင်း ၂၈၉ အောက်ဘက် အောင်စေတီအနီးမှာ အဖော်တွေနဲ့သွားခူးတာ။ မိုင်းပေါက်ပြီး သေနတ်ပစ်သံတွေတော့ကြားတယ်” ဟု ဆိုကာ ထပ်မံဖြေဆိုခြင်း မရှိဘဲ ဖုန်းချသွားခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပလက်ဝမြို့မှ လူကြီးတစ်ဦးက ၎င်းကိုယ်တိုင် သေဆုံးသူအား သွားရောက်ကြည့်ရှုခဲ့ကြောင်း အတည်ပြုပြောသည်။

“ဆေးရုံကအခုနကပဲပြန်ရောက်တာ။ နောက်ထပ်အဖော်ပါသွားတဲ့လူတွေက ထိခိုက်ဒဏ်ရာရတာတော့မရှိဘူး။ သူတို့က စားဖို့၊ ရောင်းဖို့သွားခူးကြတာ။ စားဖို့မှမရှိလို့သွားခူးကြတာ။ မိသားစုနဲ့ထပ်တူ စိတ်မကောင်း ဖြစ်ရတယ်” ဟု ၎င်းက ပြောသည်။

စစ်ရေးပဋ္ဋိပက္ခပြင်းထန်နေသည့် ရခိုင်ပြည်နယ်မှ မြို့နယ်အချို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် စက်လက်နက်ပစ္စည်းအကြွင်းအကျန်များကြောင့် သေဆုံးသူများ နှင့် မိုင်းပေါက်ကွဲမှုများကြောင့် သေဆုံး ဒဏ်ရာရရှိသူများစွာရှိနေသည်ဟု ပဋ္ဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...