ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့ ရခိုင်အရေး ကူညီဆောင်ရွက်ပေးရန် တောင်းဆို

ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့ ရခိုင်အရေး ကူညီဆောင်ရွက်ပေးရန် တောင်းဆို

ဆောင်းဇာခြည် — ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့၌ ရခိုင်ပြည်နယ်အရေးကို ဂျပန်အစိုးရကဝင်ရောက် ကူညီပေးရန် ဂျပန်ရောက်မြန်မာနိုင်ငံမှ တိုင်းရင်းသားများက တောင်းဆိုခဲ့ကြသည်ဟု သတင်းရရှိသည်။

အဆိုပါ တောင်းဆိုပွဲကို ရက္ခိုင်လူငယ်များအစည်းအရုံး (ဂျပန်) မှ ဦးဆောင်ပြုလုပ်ခြင်း ဖြစ်ပြီး စက်တင်ဘာ ၁၇ ရက် ဂျပန်စံတော်ချိန် နေ့လယ် ၃ နာရီ ၁၅ မိနစ်မှ ၄ နာရီ ၄၅ မိနစ်အထိ တစ်နာရီခွဲခန့် ပြုလုပ်ခဲ့ကြသည်ဟု ရက္ခိုင်လူငယ်များ အစည်းအရုံး (ဂျပန်) မှ အတွင်းရေးမှူး ဦးသော်ဇင်ဖြိုးက ပြောသည်။

“ အဓိကတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတာကို ဂျပန်အစိုးရ သိစေချင်တယ်။ ဂျပန်နိုင်ငံ အစိုးရက ရခိုင်စစ်ဘေးရှောင်ပြည်သူတွေကို ဆေးဝါးနဲ့ စားရိက္ခာအကူညီပေး ရေးကို မေတ္တာရပ်ခံတဲ့ စာကို ဂျပန်ဘာသာနဲ့ ဆိုင်းဘုတ်တွေ ကိုင်ပြီး တောင်းဆိုခဲ့ကြပါတယ်။ ဆိုင်းဘုတ်မှာတော့ ကျွန်တော်တို့ အဲဒီ အချက်ကိုပဲ ဂျပန်လိုရေးပြီးတော့ တောင်းဆိုခဲ့ကြတာပေါ့။  အဲဒီမှာ တာဝန်ရှိလူကြီးတွေက အလှည့်ကျ စကားပြောရာမှာ မြန်မာနိုင်ငံမှာ လူနည်းစုတွေ သတ်ဖြတ်ခံနေရတဲ့ ကိစ္စရပ်တွေကို ထည့်သွင်း ပြောဆိုပြီး  ကမ္ဘာ့နိုင်ငံအသီးသီးက မြန်မာအစိုးရနဲ့ စစ်တပ်ကို အရေးယူပေးဖို့ကိုလည်း ထည့်သွင်းပြောသွားခဲ့ကြပါတယ်။ တောင်းဆိုပွဲကို ကချင်၊ ကရင်က အဖွဲ့တွေလည်း တက်ရောက်ကြပါတယ်။” ဟု ဦးသော်ဇင်ဖြိုးက နိရဉ္စရာသို့ ပြောသည်။

ရက္ခိုင်လူငယ်များအစည်းအရုံး (ဂျပန်) မှ ဥက္ကဋ္ဌ ဦးကျော်သန်းလှိုင်နှင့် အတွင်းရေးမှူး ဦးသော်ဇင်ဖြိုးတို့သည် ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့တွင် တောင်းဆိုမှုများ မပြုလုပ်မီ  ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ခံနှင့် တစ်နာရီခန့် တွေ့ဆုံဆွေးနွေးခွင့်ရရှိခဲ့ကာ ရခိုင်အရေးနှင့်ပတ်သက်ပြီး တင်ပြခဲ့ကြသည်ဟု ဦးသော်ဇင်ဖြိုးက ဆက်ပြောသည်။

“ကျွန်တော်နဲ့ ကျွန်တော်တို့အဖွဲ့က ဥက္ကဋ္ဌနဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ခံနဲ့ တစ်နာရီလောက် ရခိုင်မှာ အဓိက ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်။ အဲဒီမှာ ရခိုင်လူထု တစ်ရပ်လုံး ကျေနပ်လောက်တဲ့ အခြေအနေထိ သူတို့ဘက်က လုပ်ပေးလို့ ရတဲ့နည်းလမ်းတွေနဲ့ ကူညီဆောင်ရွက် ပေးမယ်လို့ ပြောပါတယ်။ ရခိုင်က ပြည်သူတွေ အခုလို ဖြစ်နေတာကိုလည်း သူတို့အနေနဲ့ စိတ်မကောင်း ဖြစ်ရတယ်ဆိုတာတွေလည်း ပြောပါတယ်” ဟု ပြောသည်။

တောင်းဆိုပွဲကို ကချင်၊ ကရင်နှင့် ရခိုင်စသည့် တိုင်းရင်းသား ၅ဝ ဦးခန့်က ပါဝင်တက်ရောက်ခဲ့ကြပြီး ဆိုင်းဘုတ်၊ ဗီနိုင်းများကိုင်ဆောင်၍ လက်ရှိ ရခိုင်တွင် ဖြစ်ပျက်နေသော အခြေအနေများကို ရှင်းပြပြီး တောင်းဆိုခဲ့ကြကြောင်း သိရသည်။

Most read this week

(ပုံဟောင်း / Crd)
August 22, 2026
ပဲခူးတိုင်း၊ ပြည်မြို့သို့ စစ်သားများ တင်ဆောင်လာသည့် စစ်ကား အစီး ၁၀၀ ကျော် ရောက်ရှိလာကြောင်း ပကဖ...
August 21, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၌ ညအချိန် အလုပ်မှ ပြန်လာသည့် လူငယ်တစ်ဦးကို စစ်အုပ်စုတပ်နှင့် ရဲ...
(ဓာတ်ပုံ - Crd)
August 20, 2026
အမ်း-ပဒါန်းလမ်းရှိ နတ်ရေကန်တောင်သို့ ထိုးစစ်ဆင်နေသည့် စစ်အုပ်စုတပ်၏ စစ်ကူစစ်ကြောင်းများ၏ ယာယီ...
August 20, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်၏ ရှေ့ထွက် အဝတောင် ကာကင်းစခန်းများကို အာရက္ခ...