၂၀၂၀ ရွေးကောက်ပွဲတွင် ပလက်ဝမြို့နယ်မှ ကျေးရွာ(၉) အုပ်စု ပါဝင်နိုင်မည်မဟုတ်ဟုဆို

၂၀၂၀ ရွေးကောက်ပွဲတွင် ပလက်ဝမြို့နယ်မှ ကျေးရွာ(၉) အုပ်စု ပါဝင်နိုင်မည်မဟုတ်ဟုဆို

ချင်းပြည်နယ်တွင်လူဦးရေအများဆုံးဒေသဖြစ်သည့် ပလက်ဝမြို့နယ်တွင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကျေးရွာအုပ်စုပေါင်း (၉) အုပ်စုမှ ဒေသခံများ ပါဝင်နိုင်ခြင်း ရှိမည်မဟုတ်ဟု ပလက်ဝမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာတွင်ဝင်ရောက်ယှဉ်ပြိုင်မည့် ချင်းပြည်နယ်အစိုးရအဖွဲ့စည်ပင်ဝန်ကြီးဦးစိုးထက်ထံမှ သိရသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “ရန်သူစိုးမိုးမှုရှိတဲ့ ရွာတွေကိုတော့ သွားလို့မရနိုင်ဘူး။ လောလောဆယ် ပလက်ဝမြို့နယ်မှာရှိတဲ့ ကျေးရွာ ၉ အုပ်စု လောက်က ရွေးကောက်ပွဲမှာ မပါဝင်နိုင်လောက်ဘူးလို့ မှန်းထားတယ်” ဟုပြောသည်။

ပလက်ဝမြို့နယ်တွင် လမ်းပန်းဆက်သွယ်ရေးနှင့် နယ်မြေလုံခြုံမှု မရှိခြင်းတို့ကြောင့် ရွေးကောက်ပွဲ ကျင်းပရာတွင် အခက်ခဲရှိကြောင်းလည်း စည်ပင်ဝန်ကြီး ဦးစိုးထက်ကဆိုသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “ပလက်ဝမြို့နယ်မှာဆိုရင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အမျိုးသား နှစ်ယောက် ပြည်သူ့ တစ်ယောက် သုံးယောက်ရှိတယ် ပြည်နယ်မှာလည်း နှစ်ယောက် စုစုပေါင်း (၅) ယောက်ရှိတယ် ဒီဟာက ဆုံးရှုံးလို့မရဘူး ပြည်သူတွေကလည်း ငါးနှစ်မှ တစ်ကြိမ်မဲပေးတဲ့ဟာကို မဆုံးရှုံးအောင် တာဝန်ရှိသူတွေက ဝိုင်းဝန်းပြီး ကြိုးစားနေပါတယ်”ဟုဆိုသည်။

လက်ရှိနယ် မြေအခြေအနေအရ ပလက်ဝမြို့နယ်တွင်ရှိသော ကျေးရွာ ကိုးအုပ်စုတွင် လက်နက်ကိုင် အဖွဲ့အစည်းများ အဝင်အထွက် ရှိသည်ဟု သတင်းရရှိသော်လည်း ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း ရှိ/မရှိကို ဆုံးဖြတ်၍ မရသေးကြောင်း ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးလင်းကျော်က ပြောသည်။ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အရာရှိ ဦးလင်းကျော်က “မကျင်းပနိုင်ခဲ့ဘူးဆိုရင်လည်း ကျန်တဲ့အုပ်စုက ကျင်းပနိုင်ရင် ကျန်တဲ့အုပ်စု ကျင်းပခြင်းအားဖြင့် သူတို့အုပ်စုအတွက်ပါ ဒီကိုယ်စားလှယ်က တာဝန်ယူသွားတော့မှာ ဖြစ်တဲ့တွက် မကျင်းပနိုင်တဲ့ အုပ်စုကလည်း ပြဿနာ အခက်အခဲတော့ မရှိဘူးပေါ့”ဟု မှတ်ချက်ပြုသည်။

ပလက်ဝမြို့ပေါ်နှင့် ဆမီးမြို့တို့တွင် ရှိသော စစ်ဘေးရှောင်များကို ပုံစံ ၃ (က) များလျှောက်ပြီး ရွေးကောက် ပွဲတွင် ပါဝင်နို်င်ရန် တာဝန်ရှိသူများမှ ဆောင်ရွက်ပေးနေလျှက်ရှိကြောင်း သိရသည်။ ပလက်ဝမြို့နယ်တွင် ကျေးရွာ အုပ်စုပေါင်း ၁၀၂ အုပ်စုရှိပြီး ၎င်းကျေးရွာ အုပ်စုထဲမှ ကျေးရွာကိုးအုပ်စုမှာပါဝင်နိုင်မည် မဟုတ်ကြောင်း ကိုယ်စားလှယ်လောင်းအချို့က ခန့်မှန်းကြသည်။

လက်ရှိ စည်ပင်ဝန်ကြီး ဦးစိုးထက်မှာ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်လွှတ်တော် ပလက်ဝမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မှ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...