သျှင်မင်းဇံ — စက်တင်ဘာ ၁၁ ရက်နေ့က စစ်တွေမြို့တွင် ပြုလုပ်ခဲ့သည့် စစ်ဘေးရှောင်စခန်းတာဝန်ရှိသူများအစည်းအဝေးမှ စစ်ဘေးရှောင်ဒုက္ခသည်များ၏ လက်ရှိရင်ဆိုင်တွေ့ကြုံနေရသော အခက်အခဲများကို အစိုးရထံသို့ တစ်ပတ်အတွင်းတင်ပြရန် ဆုံးဖြတ်ခဲ့ကြသည်ဟု သတင်းရရှိသည်။
၎င်းအစည်းအဝေးကို စက်တင်ဘာ ၁၁ ရက်နေ့လယ် ၁ နာရီအချိန်က ဒက္ခောင်းကျောင်းတိုက်တွင် ပြုလုပ်ခဲ့ပြီး စစ်တွေတွင် စစ်ဘေးရှောင်စခန်း ၂၅ ခုရှိရာမှ စစ်ရှောင်စခန်း ၂ဝ က စခန်းတာဝန်ခံများနှင့် ရဟန်းတော်များ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
ကိုဗစ်ရောဂါကြောင့် စစ်တွေ စစ်ရှောင်စခန်းများရှိ လူပေါင်း ၅ဝဝဝ နီးပါးခန့်မှာ စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရသဖြင့် နိုင်ငံတော် သမ္မတရုံးနှင့် သက်ဆိုင်ရာအစိုးရဌာနများသို့ တစ်ပတ်အတွင်း တင်ပြတောင်းဆိုရန် စီစဉ်နေကြောင်း ဝိဘစ္စဝါဒီ ပရဟိတဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံ ဆရာတော် ဦးစက္ကိန္ဒက မိန့်ကြားသည်။
"စစ်တွေမြို့ပေါ်နဲ့ အခြားသော မြို့နယ် စစ်ဘေးရှောင်ကယ်ဆယ်စခန်းတွေမှာ ရောက်နေတဲ့မိသားစုတွေ ကိုဗစ်ရောဂါကြောင့် လတ်တလော သွားလာရေးကို ကန့်သတ်ပိတ်ပင် တားမြစ်ခံ ထားရတဲ့အတွက် ကျန်းမာရေး၊ စားဝတ်နေရေးတွေ အခက်အခဲတွေ ကြုံတွေ့နေကြရတယ်။ ပြင်ပ စေတနာရှင်တွေလည်း စခန်းတွေကို လာလို့ မရဘူး။ ဒါကြောင့် အစိုးရနဲ့ အန်ဂျီအိုတွေအနေနဲ့ စားနပ်ရိက္ခာတွေကို အရင်ကထက် ပိုပြီး ထောက်ပံ့ပေးဖို့ တင်ပြတောင်းဆိုသွားမယ်။ ဆက်သွယ်ရေးကိုလည်း အစိုးရ တာဝန်ရှိသူတွေနဲ့ စခန်းတာဝန်ခံတို့အကြား ပုံမှန်ချိတ်ဆက်လို့ရအောင် တင်ပြသွားပါမယ်" ဟု ဆရာတော် ဦးစက္ကိန္ဒက မိန့်ကြားသည်။
ဆွေးနွေးပွဲတွင် စစ်ဘေးရှောင်ပြည်သူများ၏ အဓိကလိုအပ်နေသည့် အချက် (၃) ချက်ကို ထည့်သွင်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
၎င်းသုံးချက်မှာ အစိုးရနှင့် NGO အဖွဲ့များ၏ လစဉ်ပုံမှန် ထောက်ပံ့ ပေးနေသောရိက္ခာများပြတ်တောက်မှု မရှိစေရေး၊ အစိုးရမှ မိသားစုအလိုက်ထောက်ပံ့ငွေကျပ် (၄ဝဝဝဝိ/) ကို စစ်တွေမြို့နယ်တွင် အမြန်ထောက်ပံ့ရေး၊ အစိုးရမှထောက်ပံ့ပေးသော ဆန်များအရည်အသွေးပြည့်မီရေးတို့ဖြစ်ကြသည်။
“ ကိုဗစ်ကြောင့် လစဉ်ပုံမှန် ထောက်ပံ့မှု နောက်ကျတာကို နားလည်ပါတယ်။ ဒါပေမယ့် စခန်းတွေမှာက လူအများအပြားဆိုတော့ တစ်ရက်နောက်ကျတာနဲ့ ရိက္ခာပြတ်ပြီး ပြဿနာပေါ်ပြီ။ ဒါကြောင့် ထောက်ပံ့ရေး ရိက္ခာကို အချိန်မီ ပို့ပေးဖို့ အစိုးရကို တောင်းဆိုပါတယ်။ အစိုးရက ထောက်ပံ့တဲ့ ငွေလေးသောင်း ကိစ္စမှာလည်း တစ်ခြား မြို့နယ်တွေမှာ ရပြီဆိုတော့ စစ်တွေမှာလည်း အမြန်ထောက်ပံ့စေချင်ပါတယ်။ နောက် ထောက်ပံ့တဲ့ ဆန်တချို့က အရည်အသွေး ညံ့တဲ့အခါ အပြင်က ဆန်ဆိုင်တွေက ဆန်တွေနဲ့ လဲလှယ်ရတော့ အလုပ်ပိုရှုပ်ပြီး သယ်ယူစရိတ်တွေကုန်ကျ၊ လဲလှယ်တော့လည်း ဒီက နှစ်အိတ်ပေးမှ ဟိုကတစ်အိတ်ဆိုတော့ မတန်တဆ ဖြစ်နေတယ်။ ဒါကြောင့် အရည်အသွေးမီတဲ့ ဆန်တွေကို ထောက်ပံ့ပေးစေချင်ပါတယ်” ဆရာတော် ဦးစက္ကိန္ဒက ပြောသည်။
၎င်းတောင်းဆိုချက်များကို အစိုးရကတစ်စုံမှာ ပြန်လည်ဆောင်ရွက်ပေးခြင်းမရှိပါက ရေရှည်တွင် စစ်ဘေးရှောင် ကယ်ဆယ်ရေးစခန်းများတွင် အငတ်ဘေးနှင့် ကြုံတွေ့ရပြီး အခက်အခဲများဖြစ်လာနိုင်မည်ဟု ဒက္ခောင်းကျောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးထွန်းအောင်စံက ပြောသည်။
"အခုတောင်းဆိုချက်တွေကို လုပ်မပေးဘူးဆိုရင် ရေရှည်မှာ အငတ်ငတ်အမွတ်မွတ်နဲ့ အဖက်ဖက်က ဘေးဒုက္ခတွေ အများကြီးခံရမယ်လို့ ကျွန်တော်ယုံကြည်နေပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ အစိုးရအဖွဲ့ အနေနဲ့သော်လည်းကောင်း၊ မိမိကိုယ့်တိုင် မထောက်ပံ့နိုင်ရင်တောင်မှ နိုင်ငံတကာအန်ဂျီအိုအဖွဲ့တွေနဲ့ အခြားကူညီထောက်ပံ့ပေးနေတဲ့အဖွဲ့တွေကို တိုက်တွန်းပေးစေချင်ပါတယ်"ဟု ၎င်းက ပြောသည်။
၂ဝ၂ဝ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ထိ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)ရုံး၏ ထုတ်ပြန်ချက် အရ ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်ဦးရေ နှစ်သိန်းခန့်အထိ ရှိနေပြီး အများစု၏ စားဝတ်နေရေးမှာ အခက်အခဲများ ရှိနေသည်ဟု သိရသည်။ ရခိုင်ပြည်နယ်မှာယခု လက်ရှိ အချိန်ထိ လက်နက်ကိုင် ပဋိပက္ခဖြစ်နေဆဲဖြစ်သည်။







