ကျောက်တော်မြို့နယ်မှ နေအိမ်မီးရှို့ခံခဲ့ရသည့် မိသားစုများအတွက် လူမှုရေးအဖွဲ့က အလှူငွေပေးအပ်

ကျောက်တော်မြို့နယ်မှ နေအိမ်မီးရှို့ခံခဲ့ရသည့် မိသားစုများအတွက် လူမှုရေးအဖွဲ့က အလှူငွေပေးအပ်

ဆောင်းဇာခြည် — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာတို့မှ မီးရှို့ခံခဲ့ရသည့် နေအိမ်များအတွက် စစ်တွေပရိတ မိတ်ဆွေများ ဖောင်ဒေးရှင်း အဖွဲ့ဝင်များက စက်တင်ဘာ ၇ ရက်နေ့ နံနက်ပိုင်းက အလှူငွေ ပေးအပ်နေကြောင်း သတင်းရရှိသည်။

နေအိမ်တစ်လုံးစီကို ပထမအကြိမ်အဖြစ် ငွေကျပ် ၁ သိန်းစီ အိမ်တိုင်ရာရောက်ပေးအပ်နေခြင်း ဖြစ်ကြောင်း စစ်တွေပရိတ မိတ်ဆွေများ ဖောင်ဒေးရှင်း အဖွဲ့ဝင် ဦးစောမင်းအောင်က ပြောသည်။

“ကျွန်တော်တို့က အိမ်ခြေဘယ်လောက်အတွက်ဆိုပြီး တစ်ခါတည်းပေးလိုက်တာ မဟုတ်ဘူးပေါ့နော်။ အဲဒီ မီးလောင်သွားတဲ့ အိမ်တွေက မိသားစုတွေနဲ့ တွေ့ပြီး တစ်အိမ်ချင်းစီကို သွားပေးတာပေါ့။ ကျွန်တော်တို့မှာ နောက်တစ်ကြိမ်လည်း လှူဦးမှာပေါ့နော်။ အခုက ပထမအကြိမ်အဖြစ် လာလှူတာပါ” ဟု ၎င်းက နိရဉ္စရာသို့ ပြောသည်။

မီးရှို့ခံရမှုကြောင့် ဘုရားပေါင်းကျေးရွာမှ အိမ်ခြေ ၁၁ဝ နှင့် တောင်ပေါက်ကျေးရွာမှ အိမ်ခြေ ၆၉ ဆောင်  ပျက်စီး ဆုံးရှုံးသွားခဲ့ပြီး လူပေါင်း  ၁၅ဝဝ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားကာ အရေးအပေါ်အကူညီများ လိုအပ်လျှက်ရှိနေကြောင်း သိရသည်။

“နိုင်ငံခြားရောက် ရခိုင်တွေ၊ ရန်ကုန်ရောက် ရခိုင်တွေ၊ မန္တလေးရောက် ရခိုင်တွေ စသဖြင့် အကုန်လုံးက ပါဝင်ပြီး လှူဒါန်းထားကြတာပါ။ အလှူငွေ ထည့်ထားတဲ့ အထဲမှာ ဗမာလူမျိုးတစ်ချို့လည်း ပါပါတယ်။ ဗမာလူမျိုးက ၅ ရာခိုင်နှုန်းလောက်ပါပါတယ်။ အဲဒီငွေတွေနဲ့ ကျွန်တော်တို့က စုပေါင်း လှူတာပါ” ဟု ဦးစောမင်းအောင်က ဆက်ပြောသည်။

အဆိုပါ မီးရှို့ခံခဲ့ရသည့် မိသားစုဝင်များအနေဖြင့် အခက်အခဲများ ကျရောက်နေသော်လည်း အစိုးအနေဖြင့် တစ်စုံတစ်ရာ ထောက်ပံ့မှု မရှိသေးကြောင်း ဒုက္ခရောက်နေကြသည့် ကျေးရွာသားများက ပြောဆိုသည်။

သို့အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်သို့ နံနက် ၁၁ နာရီခွဲက ဖုန်းဖြင့်ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။

သို့အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန (ရခိုင်) ပြည်နယ်ဦးစီးမှူး ဦးရဲမင်းဦးသို့ နိရဉ္စရာမှ ထပ်မံဆက်သွယ်ခဲ့ရာ ၎င်းက “လူမှုကယ်ဆယ်နဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အောက်မှာရှိတဲ့ ကျွန်တော်တို့ဌာနအနေနဲ့ ဆောင်ရွက်ရမယ့် ကိစ္စတွေ ရှိတယ်။ ဒါက မြောက်ဦးခရိုင်မှာ ဖြစ်တဲ့အတွက် မြောက်ဦးခရိုင်က တာဝန်ယူဆောင်ရွက်ပါလိမ့်မယ်။ အကုန်လုံးက ဝိုင်းဝန်းပြီး လုပ်ဆောင် သွားမှာပါ။ မီးလောင်ဆုံးရှုံးသွားတဲ့ နေအိမ်တွေအပေါ်မှာ မူတည်ပြီးတော့ ထောက်ပံ့ပေးသွားရမှာပါ။ အရေးပေါ် ကယ်ဆယ်ရေး အသုံးအဆောင်၊ ဆန်ရိက္ခာတွေကိုလည်း ထောက်ပံ့ရမှာဖြစ်ပါတယ်” ဟု နိရဉ္စရာသို့ ပြောသည်။

ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာတို့ကို စက်တင်ဘာ ၃ ရက်နေ့ ညနေ ၇ နာရီခန့်တွင် ရွာထဲသို့ သေနတ်ပစ်ဖောက်ဝင်လာသည့် တပ်မတော်စစ်ကြောင်းတစ်ခုက နေအိမ်များကို မီးရှို့ခဲ့ကြောင်း မျက်မြင်ကျေးရွာသားများက မီဒီများသို့ ပြောကြားထားသော်လည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက တပ်မတော်စစ်ကြောင်းက မီးရှို့ခဲ့ခြင်းမရှိကြောင်း စက်တင်ဘာ ၄ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ငြင်းဆိုထားသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...