AA အဖွဲ့နှင့်ဆက်စပ်မှုဖြင့်စွဲချက်တင်ခံရသူတစ်ဦးအလုပ်နှင့်ထောင် ၁၅ နှစ်ချမှတ်ခံရ

AA အဖွဲ့နှင့်ဆက်စပ်မှုဖြင့်စွဲချက်တင်ခံရသူတစ်ဦးအလုပ်နှင့်ထောင် ၁၅ နှစ်ချမှတ်ခံရ

ခိုင်လူလှ (ရိုးမမြေ) — ရက္ခိုင့်တပ်တော် (AA)နှင့် ဆက်စပ်၍ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် စွဲချက်တင်ခံထားရသူ တစ်ဦးကို ရန်ကုန်မြို့ အနောက်ပိုင်းခရိုင်တရားရုံးက စက်တင်ဘာ ၃ ရက်နေ့က အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်သည်ဟု သတင်းရရှိသည်။

၎င်းထောင်ဒဏ်ချမှတ်ခံရသူမှာ ကိုအောင်မျိုးဝင်း ဖြစ်ပြီး AA အတွက် ရန်ပုံငွေ ရှာဖွေပေးနေသည်ဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅ဝ (ည) ဖြင့် တရားစွဲဆို ထောင်ချခံရခြင်း ဖြစ်သည်။

ရန်ကုန်မြို့ အနောက်ပိုင်းခရိုင် တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဦးဇော်ဇော်ထွန်းမှ စက်တင်ဘာ ၃ ရက်နေ့ရုံးချိန်းတွင် ထိုသို့ ကိုအောင်မျိုးဝင်းအား ထောင်ချလိုက်ခြင်းကို မီဒီယာများသို့ အတည်ပြု ပြောဆိုသည်။

စက်တင်ဘာ ၃ ရက်နေ့က ကိုအောင်မျိုးဝင်းခေါ် နှာခေါင်းအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ၅ဝ(ည)အရ ပြစ်မှု ထင်ရှားသည် ဖြစ်၍ အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်တိတိ ကျခံစေရန်နှင့် ထောင်ဒဏ်မှ ချုပ်ရက်များ ထုတ်နုတ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း ရန်ကုန်မြို့ အနောက်ပိုင်းခရိုင် တရားရုံး သတင်းပြန်ကြားရေး အရာရှိ ဦးဇော်ဇော်ထွန်းက ပြောကြားသည်။

ကိုအောင်မျိုးဝင်းသည် ၂ဝ၁၄ မှ စတင်ပြီး  ထိုင်းနိုင်ငံ ပထုံထနီမြို့တွင် ULA/ AA အတွက် ရန်ပုံ ငွေကောက်ခံပေးခြင်းနှင့် AA နှင့် ဆက်စပ်သည့် အခြားလှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်ဆိုကာ မရမ်းကုန်း မြို့နယ်ရဲစခန်းမှူး ရဲမှူးတင့်ရွှေက ရာဇဝတ်ကြီးအမှုအမှတ် ၈၇/၁၉ တရားလို ပြုလုပ်ပြီး တရားစွဲဆိုခဲ့သည်။

ရခိုင်အသင်း (စင်ကာပူ) အသင်းဥက္ကဋ္ဌ ကိုဟိန်းဇော်၊ AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ညီ ကိုအောင်မြတ်ကျော်တို့အပါအဝင် ရခိုင်လူငယ် ၆ ဦးကို စင်္ကာပူ အစိုးရမှ ပြည်နှင်ဒဏ်ပေးပြီးနောက် ရန်ကုန်ပြန်ရောက်လာသည့် ၎င်းတို့ ၆ ဦးနှင့် ကိုအောင်မျိုးဝင်းအပါအဝင် ဆက်စပ်သူ ၃ ဦး စုစုပေါင်း ၉ ဦးတို့ကို အချိန်၊ နေရာမတူဘဲ ရဲတပ်ဖွဲ့က သီးခြားစီ ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးပြီးနောက် ကိုအောင်မျိုးဝင်းကို အကြမ်းဖက် ဥပဒေပုဒ်မ ၅ဝ (ည) ဖြင့် ၂ဝ၁၉ စက်တင်ဘာ ၉ တွင် အနောက်ပိုင်းခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့သည်။

ရခိုင်အသင်း (စင်ကာပူ) အသင်းဥက္ကဋ္ဌ ကိုဟိန်းဇော်၊ AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ညီ ကိုအောင်မြတ်ကျော်၊ ကိုထွန်းအေး၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်နှင့် ကိုတင်လှိုင်ဦးတို့ ၆ ဦးကို ၂ဝ၁၉ ဇူလိုင် ၉ နှင့် ၁ဝ တို့တွင် စင်္ကာပူရှိ ၎င်းတို့၏ နေအိမ်အသီးသီးတွင် နေထိုင်နေစဉ် စင်ကာပူ လဝကနှင့် ရဲများက ပူးပေါင်းပြီး ဝင်ရောက်ဖမ်းဆီးခဲ့သည်။

AA အတွက် ရန်ပုံငွေရှာဖွေပေးနေသည့် သံသယဖြင့် ၎င်းတို့ကို ဖမ်းဆီးရခြင်းဖြစ်ကြောင်း စင်ကာပူအစိုးရက ထုတ်ပြန်ပြီး ဇူလိုင် ၁ဝ တွင် ပြည်နှင်ဒဏ်ပေးခဲ့သည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...