ရသေ့တောင်မြို့နယ် အမျက်တောင်အနီးတိုက်ပွဲဖြစ်၊ ရဟတ်ယာဉ်နှစ်စီးဖြင့်ပစ်ခတ်တိုက်ခိုက်

ရသေ့တောင်မြို့နယ် အမျက်တောင်အနီးတိုက်ပွဲဖြစ်၊ ရဟတ်ယာဉ်နှစ်စီးဖြင့်ပစ်ခတ်တိုက်ခိုက်

အိမ်စိုးဖြူ — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မြောက်ပိုင်း၊ ကျောက်တန်းနယ်မြေ၊  အမျက်တောင်ကျေးရွာအနီး၌ စက်တင်ဘာ ၄ ရက် နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး နံနက် ၁ဝ နာရီခွဲခန့်အချိန်တွင် တပ်မတော်မှ ရဟတ်ယာဉ် နှစ်စီးဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ပြိန်းတောဒေသခံတစ်ဦးက “ ဒီကနေ့ ၁ဝ နာရီလောက်မှာ ရဟတ်ယာဉ် နှစ်စီးနဲ့ လာပစ်တာပါ။ မြင်ရပါတယ်။ မညှင်းတောင်ရွာပေါ်ကနေ ပျံဝဲပြီး အမျက်တောင်ကျေးရွာအနီးဝန်းကျင် ပစ်ခတ်တာကို မြင်ရပါတယ်။ နာရီဝက်လောက် ဝဲပျံပစ်ခတ်ပြီး ပြန်သွားပါတယ်” ဟု ပြောကြားသည်။

အဆိုပါ အမျက်တောင်ကျေးရွာ ပတ်ဝန်းကျင်ကို စက်တင်ဘာ ၃ ရက်နေ့လယ်မှစပြီး ရသေ့တောင်မြို့ပေါ်ရှိ တပ်ရင်းများနှင့် ထီးစွဲ၊ ဆောက်ခတ်ဘက်တွင် ရောက်ရှိနေသော စစ်ကြောင်းများမှ လက်နက်ကြီးများ တစ်နေ့ကုန် ပစ်ခတ်ခဲ့ကြောင်း၊  တပ်မတော်စစ်ကြောင်းနှင့် AA တပ်ဖွဲ့တို့အကြား အမျက်တောင် အနီးတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ ၎င်းတိုက်ပွဲပြီးသွားပြီးနောက် နံနက် ၁ဝ နာရီဝန်းခန့်တွက် ရဟတ်ယာဉ် နှစ်စီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ၎င်းကပြောကြားသည်။

ရသေ့တောင်မြို့နယ်တွင် လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နေသူ ကိုဘက္ကာကလည်း ရဟတ်ယာဉ်များဖြင့် ပစ်ခတ်သဖြင့် ဒေသခံများ ကြောက်လန့်နေကြကြောင်း ပြောဆိုသည်။

“မြို့ပေါ်အထိ မြေကြီးတုန်အောင်ကို ပစ်နေကြတာ။ အဲဒီအမျက်တောင်မှာ ရွာသားတွေမရှိတော့ပေမယ့်  အဲဒီ နေရာနဲ့ မနီးမဝေးက ပြိုင်းတိုင်းဖက်မှာတော့ ရွာသားတချို့ရှိတယ်။ စိတ်ပူနေကြတယ်။ အခုထိတော့ အရပ်သား  ထိခိုက်ဒဏ်ရာရတာမကြားသေးပါဘူး။ ဒါပေမဲ့ ကိုဗစ်ကာလစိုးရိမ်မှုတွေ ရှိနေကြတဲ့အချိန်မှာ အခုလိုတွေ ပစ်နေကြတော့ အကုန်ကြောက်နေကြတယ်” ဟုသူကပြောသည်။

ဒေသခံများအနေဖြင့် ကိုဗစ်ကာလ စိုးရိမ်စိတ်ဖြင့် နေကြရသည့်အချိန်တွင် ယခုကဲ့သို့ အဆက်မပြတ် ပစ်ခတ်နေကြရာ စိုးရိမ်စိတ်လွန်ကဲနေကြကြောင်း ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။

“ဒီဟာပစ်နေကြတာက ရက်အတော်ကြာပြီ။ တိုက်ပွဲဖြစ်မဖြစ်မသိပေမဲ့ ပစ်နေကြတာပဲ။ လုံးဝ ရပ်တယ်လို့ကို မရှိကြဘူး။ ဒီနေ့မနက်ကတော့ တိုက်ပွဲဖြစ်ပုံရတယ်။ ရဟတ်ယာဉ်တွေနဲ့ လာပစ်ပုံအရ သိနိုင်တယ်။ ဒေသခံတွေ စိုးရိမ်လားလို့ မေးနေဖို့ကို မလိုဘူး။ ရသေ့တောင်ကမြေကြီးလှုပ်နေတာသာမက ပုဏ္ဏားကျွန်းမြို့ အထိအောင်လှုပ်နေတာ။ ဒီလောက် ကိုဗစ်ကာလမှာ စိုးရိမ်စိတ်တွေနဲ့ နေကြရတဲ့ ဒေသခံတွေ ဘယ်လို နေကြမလဲ” ဟု ပြောသည်။

ဆောက်ခတ်ကျေးရွာမှ ရသေ့တောင်မြို့ပေါ်ကို စစ်ဘေးရှောင်လာသူ မစောမေက “ မနေ့ညကလည်း ဘယ်သူမှ မအိပ်ရဲကြဘူး။ မိုးလင်းသွားတယ် မအိပ်လိုက်ရဘူးကြောက်လို့။ ဒီနေ့ကျတော့ အဖြူရောင် ရဟတ်ယာဉ်တွေနဲ့ လာပစ်တာပဲ။ တိုက်ပွဲဖြစ်ကြတာထင်ပါတယ်။ ကလးတွေလူကြီးတွေ အကုန် ကြောက်လန့် နေကြတယ်။ ကလေးတွေကို စစ်တွေကို ပို့ပေးလို့ရရင်ကောင်းမယ်။ စစ်တွေမှာလည်း ရောဂါပိုးက တစ်မျိုး ဆိုတော့ ဘယ်လို့လုပ်ရမလဲမသိတော့ဘူး။ ရွာကိုဘယ်တော့ပြန်ရမလဲလို့တော့ မတွေးချင်တော့ပါဘူး။ ကိုဗစ်ကို ကြောက်ရမလား လက်နက်ကို ကြောက်ရမလား ဖြစ်နေကြပြီ”ဟု သူမကပြောသည်။

ရသေ့တောင်မြို့နယ်ရှိ ဒေသခံများ ၊ စစ်ဘေးဒုက္ခသည်များမှာ စားနတ်ရိက္ခာမလုံမလောက်ဖြင့် ကြိုးစား ရပ်တည်နေရကြောင်း ၎င်းအခြေအနေတွင်ယခုကဲ့သို့ ပစ်ခတ်နေကြရာ ထိတ်လန့်စိုးရိမ်နေကြရကြောင်း သူမကဆက်ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့်စက်တင်ဘာ ၃ ရက်နေ့က ညမထွက်အမိန့်များကို ရခိုင်တစ်ပြည်နယ်လုံးတွင် ညမထွက်အမိန့်များထုတ်ပြန်ခဲ့ပြီး ယခုလို ကိုဗစ် ကျယ်ပြန့်စွာ ဖြစ်ပွားနေချိန်တွင် ပစ်ခတ်မှုများ၊ တိုက်ပွဲများ ဖြစ်နေကြသဖြင့် ဒေသခံများ အကြား အထူးစိုးရိမ်မှုများရှိနေကြသည်ဟု ၎င်းတို့က ပြောကြားသည်။

(ဓာတ်ပုံ-- ရခိုင်စစ်ပွဲအတွင်းမှ စစ်ရဟတ်ယာဉ်ဓာတ်ပုံများသာဖြစ်ပါသည်။ ယခုတိုက်ပွဲမှ ဓာတ်ပုံ မဟုတ်ပါ။)

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...