AA ဖမ်းဆီးသည့် ချင်းလူငယ် ၄ ဦးအနက် ၃ ဦးပြန်လွတ်လာ

AA ဖမ်းဆီးသည့် ချင်းလူငယ် ၄ ဦးအနက် ၃ ဦးပြန်လွတ်လာ

နှင်းနှင်း – ရက္ခိုင့်တပ်တော် (AA) မှ ဖမ်းဆီးထားသည့် ချင်းလူငယ် (၄) ဦးအနက် (၃) ဦးသည် သြဂုတ်လ ၂၅ နေ့က ပြန်လည်လွတ်မြောက်လာကြပြီဟု Chin IDPs Support Committee (CISC) အဖွဲ့မှ အတွင်းရေးမှူး ကိုကျော်အောင်ကပြောသည်။

“သူတို့နဲ့ကျွန်တော်စကားပြောပြီးပြီ။ သြဂုတ်လ ၂၅ ရက်နေ့မနက်ပိုင်းကနေ လွတ်လာတယ်။ ညနေပိုင်းကို ပလက်ဝမှာရောက်တယ်’’ ဟု ကိုကျော်အောင်ကပြောသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှတဆင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်သို့ နေရပ်ပြန်သွားကြသည့် ချင်းလူငယ် (၄) ဦးကို ရက္ခိုင့်တပ်တော် (AA) က ငသရိုင်းကျေးရွာတွင် ဇူလိုင်လ (၂၉) ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါလူငယ် (၄) ဦးထဲမှ ကိုခင်မောင်ထွန်း၊ ကိုဘင်ဂျမင်၊ ကိုအောင်ထွန်းကိုတို့ (၃) ဦး ပြန်လွတ်ပေးလိုက်သော်လည်း ပလက်ဝမြို့နယ် အရပ်ဘက်အဖွဲ့အစည်းများတွင် ပါဝင်လှုပ်ရှားနေသည့် ကိုအောင်စိုးကိုမူ ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။

ကိုကျော်အောင်က “ကိုအောင်စိုးကိုတစ်ယောက်တည်းကိုပဲ ဘာလို့မလွှတ်ပေးသလဲဆိုတာတော့ မပြောတတ်ဘူး၊ အရင်ကတော့ သူတို့သူငယ်ချင်း ၄ ယောက်ဆိုတော့ ခံသာသေးတယ် အခုတော့ သူ့သူငယ်ချင်းတွေက လွတ်တယ် သူပဲကျန်တယ်ဆိုတော့ သူ့အတွက် ကျနော်တို့စိုးရိမ်မိတယ်’’ ဟု ပြောသည်။

ရက္ခိုင့်တပ်တော်အနေဖြင့် အဆိုပါလူငယ် ၄ ဦးကို မည်သည့်ကိစ္စကြောင့် ဖမ်းဆီးထိန်းသိမ်းရသည်ကိုမူ မသိရသေးကြောင်း၊ ဖမ်းဆီးထိန်းသိမ်းစဉ်တွင် ခြိမ်းခြောက်ရိုက်နှက်ခြင်းမျိူး မပြုလုပ်ခဲ့ကြောင်း ဦးကျော်အောင်က ဆက်ပြောသည်။

February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...