ချင်းပြည်နယ်တွင် ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်း ထားသူများတွင် အရည်အချင်းမကိုက်သဖြင့် ပယ်ချခံရသော လွှတ်တော်ကိုယ်စားလှယ်လောင်းမရှိကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံမှသိရသည်။
ချင်းပြည်နယ်တွင် ရွေးကောက်ပွဲဝင်ပြိုင်ရန် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းသူစုစုပေါင်း (၂၁၂) ဦးရှိသည့်အနက် (၂) ဦးမှာ မိမိသဘောဖြင့်ပြန်နှုတ်ထွက်သွားကာ လွှတ်တော်ကိုယ်စားလှယ်လောင်း (၂၁၀) သာကျန်ရှိတော့ပြီး ၎င်းတို့အားလုံးသည်လည်း အရည်အချင်းသတ်မှတ်ချက်များနှင့် အားလုံးကိုက်ညီကြသည်ဟု ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးလင်းကျော်ကပြောသည်။
“ကျနော်တို့ စီစစ်တာတော့ ပြီးသွားပြီ ကျနော်တို့ (၂၁၂) ဦး နာမည်စာရင်းတင်တယ် တစ်ဦးက သူဟာသူ ပြန်ရုတ်သိမ်းတယ် အဲဒါကြောင့် (၂၁၁) ပဲကျန်တယ် အဲဒီမှာတော့ နောက်တစ်ဦးကျတော့ မတူပီမြို့နယ်က စီစစ်တဲ့အချိန်မှာ သူ့ဟာသူပြန်ကန့်ကွက်တယ် ကျန်တဲ့လူက ကန့်ကွက်တာတော့မဟုတ်ဘူး ဌာနတစ်ခုမှာ တာဝန်ပေးခြင်းခံရလို့ ပြန်ရုတ်သိမ်းတယ်၊ (၂၁၀) ကျန်တာပေ့ါ စီစစ်တဲ့လုပ်ငန်းတွေကတော့ ပြီးသွားပါပြီ စီစစ်တဲ့အခါမှာတော့ အရည်အချင်းမကိုက်ညီတဲ့သူကိုတော့ မတွေ့သေးဘူး မတွေ့ဘူးပေါ့နော်” ဟု ဦးလင်းကျော်ကပြောသည်။
ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို တစ်သီးပုဂ္ဂလ အပါအဝင် နိုင်ငံရေးပါတီအသီးသီးတို့မှ ပြီးခဲ့သည့်ဇူလိုင် ၂၅ ရက်နေ့ကစ၍ တင်သွင်းခဲ့ကြပြီး ယင်းအမည်စာရင်း တင်သွင်းလွှာများကို သြဂုတ်လ ၁၁ ရက်မှ ၁၇ ရက်နေ့အထိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့က စီစစ်ခဲ့ခြင်းဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ်ချက်နှင့်ပတ်သက်၍ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၈ တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းချိန်တွင် နိုင်ငံသားဖြစ်သူ၊ မဲစာရင်းတွင်ပါဝင်သူ၊ နိုင်ငံသား မိဘနှစ်ပါးမှမွေးဖွားသော နိုင်ငံသားဖြစ်သူ၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြောက်ခံရသည့်အချိန်နှင့်တစ်ဆက်တည်း ပြည်ထောင်စုမြန်မာနို်င်ငံတွင် အနည်းဆုံး (၁၀) နှစ်အခြေချနေထိုင်သူဖြစ်ရမည်ဟုဖော်ပြထာသည်။
ထို့အပြင် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် အမည်စာရင်းတင်သွင်းချိန်တွင် ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်အတွက် အသက် (၂၅) နှစ်၊ အမျိူးသားလွှတ်တောအတွက် (၃၀) နှစ်ပြည့်ပြီးသူဖြစ်ရမည်ဟုဖော်ပြထားသည်။
နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်း နိုင်ငံရေးပါတီ (၁၂) ပါတီတို့မှ ပြည်နယ်လွှတ်တော် နေရာအတွက် (၉၈) ဦး၊ အမျိုးသားလွှတ်တော်နေရာအတွက် (၆၃) ဦးနှင့် ပြည်သူ့လွှတ်တော်နေရာအတွက်(၄၉) ဦး စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်လောင်း (၂၁၀) ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတုန်းက ချင်းပြည်နယ်တွင် နိုင်ငံရေးပါတီ (၁၃) ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၂၀၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။







