ပြည်နယ်အစိုးရကို ဂုဏ်သိက္ခာကျဆင်းစေသည့်ပို့စ်တင်သည်ဟုဆိုကာ စစ်တွေမြို့မှလူမှုရေးလှုပ်ရှားသူ ဦးစိုးနိုင် ၆၆(ဃ)ဖြင့် အမှုဖွင့်ခံရ

ပြည်နယ်အစိုးရကို ဂုဏ်သိက္ခာကျဆင်းစေသည့်ပို့စ်တင်သည်ဟုဆိုကာ စစ်တွေမြို့မှလူမှုရေးလှုပ်ရှားသူ ဦးစိုးနိုင် ၆၆(ဃ)ဖြင့် အမှုဖွင့်ခံရ

ဆောင်းဇာခြည် — ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ လူမှုရေးလှုပ်ရှားသူ ဦးစိုးနိုင်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ဂုဏ်သိက္ခာကျဆင်းစေရန် ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန်သတင်းများ ဖော်ပြရေးသားသည်ဟုဆိုကာ  စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးက တရားလိုလုပ်၍ မြို့မ ရဲစခန်း၌အမှုဖွင့်လိုက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ဦးစိုးနိုင်သည် သူ့၏ လူမှုကွန်ယက်စာမျက်နှာတွင် ၂ဝ၁၉ ခုနှစ်နှင့် ယခု ၂ဝ၂ဝ အတွင်းကတင်ခဲ့သည့် ပိုစ့် လေးခုအား ဦးတည်ကာ စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် စစ်တွေမြို့မရဲစခန်း၌ အမှုဖွင့်လိုက်ခြင်းဖြစ်ကြောင်း ဦးစိုးနိုင်က ပြောသည်။

“ကျွန်တော့်အိမ်ကို သူတို့က ရောက်လာခဲ့ကြတယ်။ အဲဒီနေ့က ကျွန်တော်မရှိဘူး။ ဒီနေ့ ရဲစခန်းကို ကျွန်တော့်ကို ခေါ်လို့ သွားတွေ့တော့ အဲဒီမှာ သူတို့ပြောတာက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ဂုဏ်သိက္ခာ ကျဆင်းစေရန် ရည်ရွယ်ချက်နဲ့ မဟုတ်မမှန် သတင်းတွေ ဖော်ပြရေးသားတယ်ဆိုပြီး ကျွန်တော့်ကို အမှုဖွင့်တာပေါ့။ ကျွန်တော် ၂ဝ၁၉ ခုနှစ် ၇ လပိုင်းလောက်က တင်တဲ့ပိုစ့်တစ်ခုရယ်၊ ဒီ ၂ဝ၂ဝ အတွင်းမှာ ၃ လပိုင်းကတင်တဲ့ ပိုစ့်၊ ၆ လပိုင်းကတစ်ခု၊ အခု ၈ လပိုင်းကတစ်ခု စုစုပေါင်း လေးခု ပိုစ့်တင်ခဲ့တာကို သူတို့က အဓိကထားပြီး အမှုဖွင့်တာ။ ပိုစ့်တွေကိုတောင် ကျွန်တော်မမှတ်မိတော့ဘူး” ဟု ဦးစိုးနိုင်က နိရဉ္စရာသို့ ပြောသည်။

တရားစွဲခံရသည့် ပို့စ်ထဲတွင် သြဂုတ်လ ၂၂ ရက်နေ့က “ကိုရိုနာဘေးနှင့် ကြုံနေရသော ရခိုင်ကို ကုန်စည်စီးဆင်းမှုလမ်းကြောင်းကိုပါ ဖြတ်တောက်နေပြီလော” နှင့် “ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် စစ်ဘေးဒုက္ခသည်တွေကို ဆပ်ပြာတစ်ခဲစီ ပေးတဲ့အစိုးရကို ကျေးဇူးတင်ကြပါ” စသည့် စာသားများ ပါဝင်ကြောင်း သိရသည်။

သြဂုတ်လ ၂၂ ရက်နေ့က ပိုစ့်တင်ပြီးနောက် ၎င်း၏နေအိမ်ကို တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်များက လာရောက်ရှာဖွေမှုများလည်း ရှိခဲ့သည်ဟု ၎င်းက ပြောသည်။

“ဒီ၂ဝ၂ဝမှာ တင်တဲ့ ပိုစ့်တွေက အစိုးရနဲ့လည်း ပတ်သက်မှုမရှိဘူး။ တိုက်ခိုက်တာလည်း မဟုတ်ဘူး။ ကျွန်တော် မီဒီယာတွေနဲ့ အင်တာဗျူးတွေလည်း ဖြေခဲ့ပြီးပြီ။ အစိုးရကို ကိုရိုနာနဲ့ပတ်သက်ပြီး လူမှုအဖွဲ့အစည်းတွေနဲ့ အကျိုးကျိုးရှိရှိ ပူးပေါင်းဖြေရှင်းပေးသွားကြဖို့ကိုပဲ ကျွန်တော်က ပြောခဲ့ဖူးတာ။” ဟု ဆက်ပြောသည်။

စစ်တွေမြို့မရဲစခန်းတွင် တာဝန်ရှိသူများနှင့် ဩဂုတ် ၂၅ ရက်နေ့သွားတွေ့စဉ် ငွေကျပ်သိန်း ၃ဝ ဖြင့် အမှုအား အာမခံခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးအား နိရဉ္စရာမှဆက်သွယ်ခဲ့ရာ ၎င်းမှာ ဖုန်းဖြေဆိုရန် မအားသေးကြောင်းပြောဆိုပြီး ဖုန်းချသွားသည်။

စစ်တွေမြို့မရဲစခန်းအားလည်း နိရဉ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့စည်ပင်ဝန်ကြီး ဦးဝင်းမြင့်သို့ ဆက်သွယ်ရာတွင်လည်း ဖုန်းလိုင်းမကောင်းသဖြင့် အသံကို ကောင်းစွာမကြားရ၍ နောက်ထပ် ဆက်သွယ်ရာ ဧရိယာပြင်ပသို့ ရောက်နေကြောင်း ဖုန်းမှ အကြောင်း ပြန်သဖြင့် မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။

Most read this week

April 24, 2024
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း အမှတ်(၁)နယ်ခြားစောင့်ကွပ်ကဲရေးမှူးရုံး အခြေစိုက်ရာ...
April 24, 2024
ရခိုင်ပြည်၊ ဘူးသီးတောင်မြို့တွင်ပိတ်မိနေသည့် အပြစ်မဲ့ပြည်သူများကို လူမျိုးဘာသာမခွဲခြားဘဲ...
April 23, 2024
စစ်‌အာဏာသိမ်းပြီးနောက်  ရခိုင်ပြည်၊ အမ်း- ရိုးမရှိ တောင်စောက် ရေနံနှင့် သဘာ၀ဓာတ်ငွေ့...
April 23, 2024
အာရက္ခတပ်တော်( AA)၏ ခေါင်းဆောင်ပိုင်းမှ တာဝန်ရှိသူများ လူမျိုးရေး ဘာသာရေး ခွဲခြားသူများ မဟုတ်ဘဲ...