ဟားခါးမြို့ နွယ်ချောင်းဆည်တည်ဆောက်မည့်စီမံကိန်း လယ်မြေပိုင်ရှင်များ လက်မခံ

ဟားခါးမြို့ နွယ်ချောင်းဆည်တည်ဆောက်မည့်စီမံကိန်း လယ်မြေပိုင်ရှင်များ လက်မခံ

Salai Benezer – ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့ ရေပေးဝေရေးအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့က (Nawi Tidil) နွယ်ချောင်းတွင် ဆည်တည်ဆောက်မည့် စီမံကိန်းအပေါ် မြေပိုင်ရှင်အချိူ့က လက်မခံသဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ကန့်ကွက်စာပေးပို့ထားသည်ဟု သတင်းရရှိသည်။

နွယ်ချောင်းဆည် စီမံကိန်းဧရိယာတွင် လက်ရှိ စိုက်ပျိုးလုပ်ကိုင်နေသည့် လယ်မြေဧက လေးဆယ်ခန့်ရှိပြီး ဆည်ဆောက်ရန် သဘောမတူသည့် မြေပိုင်ရှင်အချို့ စုပေါင်းပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ကန့်ကွက်စာ ပို့ထားသည်ဟု လယ်ပိုင်ရှင်တစ်ဦးဖြစ်သည့် ဒေါ် ပါရ်ဟွေးကပြောသည်။

“ဒီဆည်ဆောက်ဖို့အတွက် အစိုးရအနေနဲ့ ကျမတို့ကို လျှော်ကြေးပေးမယ်လို့တော့ပြောတယ်၊ ကျမတို့ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက နေထိုင်ပြီးတော့ ဝမ်းရေးအတွက်လည်း လက်ရှိအချိန်ထိ လယ်လုပ်တဲ့နေရာ ဖြစ်တဲ့အတွက် သူတို့ လျှော်ကြေးပေးရင်လည်း လက်ခံမှာမဟုတ်ဘူး၊ ပြီးတော့ သူတို့က သောက်သုံးရေအတွက်လုပ်မယ်ပြောပေမယ့် နွယ်ချောင်း ရေက သောက်သုံးလို့ရတဲ့အဆင့်ထိ ရှိတယ်လို့မထင်ဘူး၊ မြို့ပတ်လမ်းလုပ်ဖို့ လမ်းဖောက်တော့လည်း နွယ်ချောင်းရဲ့ ရေအရင်းအမြစ်တွေတော်တော်များများ ပျက်စီးသွားတဲ့အတွက် ခုဆို မိုးရွာသီမှာတောင် ရေကနည်းနည်းဘဲ စီးတော့တယ်” ဟု ဒေါ် ပါရ်ဟွေးကပြောသည်။

လူဦရေ ၅ သောင်းကျော်ရှိသည့် ဟားခါးမြို့နယ်တွင် မြို့ပေါ်နေလူဦးရေသည် ၃ သောင်းခွဲခန့်ရှိပြီး ဆက်လက်တိုးလာဖွယ်ရှိသည့်အတွက် မြို့နေပြည်သူများ သောက်သုံးရေလုံလုံလောက်လောက် ရရှိနိုင်ရေးအတွက် နွယ်ချောင်းဆည်စီမံကိန်းကို အကောင်အထည်ဖော်ရခြင်းဖြစ်သည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

“မြို့ပေါ်မှာက လူဉီးရေများလာတယ် နယ်ကလည်းလာတယ် အခြားဒေသကလည်းလာတယ်၊ လူဉီးရေများလာတာမှာ တောင်ပေါ်ဒေသမှာက ရေအခက်အခဲဖြစ်တာပေါ့၊ အခုလဲ လူတွေက ရေလိုတယ်ဆိုပြီးတော့ အခက်အခဲကိုဘဲပြောနေကြတာ၊ ရေရဖို့အတွက် ကန့်ကွက်တာကျတော့လည်း ကန့်ကွက်နေကြတယ်၊ ကျနော်တို့ကတော့ ဒီကန်လုပ်လိုက်ရင် အကျိုးအပြစ် စဉ်းစားရင် အကျိုးတော်တော်များမှာပါ” ဟု စည်ပင်ဝန်ကြီး ဉီးစိုးထက်ကပြောသည်။

နွယ်ချောင်းဆည်တည်ဆောက်ရေးစီမံကိန်းကို သုံးနှစ်စီမံကိန်းဖြင့် ငွေကျပ် ၁၀ ဘီလီယံကျော် အသုံးပြုသွားမည်ဖြစ်ပြီး လက်ရှိ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းအစအနေဖြင့် ငွေကျပ် ၂ ဘီလီယံ အသုံးပြုထားကြောင်း စည်ပင်ဝန်ကြီး ဉီးစိုးထက်ကပြောသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့သည် ဟားခါးမြို့ရေပေးဝေရေးအတွက်ဟုဆိုကာ သီမြစ်ရေလှောင်တမံစီမံကိန်းကိုလည်း ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် မှ စတင်ကာ တည်ဆောက်ခဲ့သော်လည်း ယခုအချိန်ထိ အပြည့်အဝပြီးစီးနိုင်ခြင်းမရှိသည့်အပြင် ယခုကဲ့သို့ စီမံကိန်းအသစ် ထပ်မံဆောင်ရွက်မည့်အပေါ် ဒေသခံအချို့က ဝေဖန်နေကြသည်။

နွယ်ချောင်းဆည် တည်ဆောက်မည့်အပေါ် ဟားခါးမြို့ခံ ဆလိုင်းဆန်နှင်းလျန်က “ နွယ်ချောင်းရဲ့ ရေအရင်းအမြစ်က ဟားခါးမှာနေတဲ့သူဆိုရင် အကုန်သိတယ်၊ များသောအားဖြင့် မြို့ထဲကို စီးဆင်းနေတဲ့ ချောင်းအငယ်လေးတွေက စီးပြီးတော့ နွယ် ချောင်းမှာ သွားစုတာဖြစ်တယ်၊ အဲဒီတော့ မြို့ထဲက အမှိုက် အညစ်အကြေးတွေ အများကြီးပါလာနိုင်တယ်၊ ဒါကစဉ်းစားစရာတစ်ခုပေါ့၊ ပြီးတော့ ဒီလိုမျိုးကိစ္စမျိုးက ရှိလေ့ရှိထ မရှိတဲ့ဟာဖြစ်တယ်၊ တောင်ပေါ် ပင်လယ်ရေမျက်နှာပြင်အမြင့် ၆၀၀၀ လောက်မှာ ရေစုထားတာက ဘာတွေဆိုးကျိုးကြုံနိုင်လဲ? ဘေးပတ်ဝန်းကျင်ထိခိုက်နိုင်မလား? ပြည်သူလူထုအတွက် ဘယ်လောက်ထိ အသုံးဝင်နိုင်မလဲ? ဟားခါးမြို့အတွက်ရော ဆိုးကျိုးရှိနိုင်လားဆိုတဲ့အချက်တွေကိုလည်း သေချာစဉ်းစားပြီးမှ လုပ်သင့်တယ်လို့မြင့်တယ်”ဟု ပြောသည်။

ဟားခါးမြို့အနီးတွင် စီးဆင်းနေသည့် နွယ်ချောင်းတွင် ဆည်တည်ဆောက်ရေး စီမံကိန်းကို လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်ကတည်းက စီစဉ်ခဲ့ကြသော်လည် အကောင်အထည်ဖော်နိုင်ခြင်းမရှိခဲ့ဘဲ ယခုမှသာ စီမံကိန်းအကောင်အ ထည်ဖော်လာကြခြင်းဖြစ်သည်။

Most read this week

December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...