ကျေးရွာချင်းဆက်လမ်းဖောက်ရာတွင် စွန့်ပစ်မြေစာပုံကြောင့် ပန်းသီးခြံ (၂၃) ဧက ပျက်စီး

ကျေးရွာချင်းဆက်လမ်းဖောက်ရာတွင် စွန့်ပစ်မြေစာပုံကြောင့် ပန်းသီးခြံ (၂၃) ဧက ပျက်စီး

နှင်းနှင်း – ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဆိုဇန်-ဖူနွမ်းလမ်းပိုင်းမှ ဒိမ်ပီးကျေးရွာအကြား ကျေးရွာချင်းဆက် လမ်းဖောက်လုပ်ရာတွင် မြေစာပုံများကို စနစ်တကျစွန့်ပစ်မှုမရှိသည့်အတွက် ဒေသခံပြည်သူများ၏ ပန်းသီးခြံ (၂၃) ဧက ပျက်စီးသွားသည်ဟု သိရသည်။

အဆိုပါကျေးရွာချင်းဆက်လမ်းကို ချင်းပြည်နယ် ကျေးလက်လမ်းဦးစီးဌာနဘတ်ဂျက်ဖြင့် John and Joshua ကုမ္ပဏီမှ ယခုနှစ်ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကစတင်ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး လမ်းဖောက်လုပ်ရာတွင် စွန့်ပစ်မြေစာပုံများကြောင့် ဖူူနွမ်းကျေးရွာမှ တောင်သူ (၁၉) ဦးပိုင်ဆိုင်သော ပန်းသီးစိုက်ဧက (၂၃) ပျက်စီးသွားခဲ့ခြင်းဖြစ်သည်ဟု ဖူနွမ်းကျေးရွာမှ ပန်းသီးစိုက်တောင်သူ မစီစီလျားကပြောသည်။

“အသီးတွေလည်းပျက်ဆီးသွားတယ် ခူးလို့မရတော့ဘူး၊ အပင်တွေပါ အမြစ်တွေ ပါပျက်သွားတာ၊ အဲ့ဒီမြေစာပုံထဲ မှာအကုန်ပါသွားတာ ’’ ဟု မစီစီလျားကပြောသည်။

ယင်းပန်းသီးခြံများကို ဖူနွမ်းကျေးရွာသူရွာသားများက ၁၉၉၀ ခုနှစ်ကတည်းက စတင်စိုက်ပျိူးလာခဲ့ကြပြီး တစ်ဧကလျှင် နှစ်စဉ် ကျပ်သိန်း (၅၀ မှ ၂၀၀) အထိရရှိကြကာ ဒေသတွင်းအသက်မွေးဝမ်းကျောင်းအတွက် အဓိကမှီခိုအားထားနေကြ ရသည်။

“ကျွန်မတို့ဖက်ကတော့အသက်မွေးဝမ်းကျောင်းအဖြစ် အားနေရတယ်ဆိုတော့ ဘာမှစားစရာတောင်မကျန်တော့ဘူး၊ ခုတော့ပန်သီးခြံတွေပျက်ကုန်တော့ ရွာသူရွာသားတွေကလည်း အလုပ်လက်မဲ့ဖြစ်ပြီး ဘေးဝင်ငွေလည်းမရှိတော့ဘူး ဝမ်းစာအတွက် တကယ်ကိုဒုက္ခရောက်နေကြပြီ’’ ဟု မစီစီလျားကပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း မိုးရွာသွန်းမှုကြောင့် မြေပြိုကာ ပန်းသီးစိုက်ခင်းပျက်စီးသည့်အပြင် မြေပြိုသည့် မြေစာများ ရှင်းရာတွင်လည်း ပန်းသီးစိုက်ခင်းများအပေါ် စွန့်ပစ်ကြသည့်အတွက် ထပ်မံပျက်စီးကာ ပန်းသီးစိုက်ခင်းအား မှီခိုအားထားနေသည့် တောင်သူများ အငတ်ဘေးဆိုက်မည့်အခြေအနေဖြစ်နေသည်ဟု သိရသည်။

ယခုကဲ့သို့ ပန်းသီးစိုက်ခင်းများ ပျက်စီးမှုအပေါ် ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကူညီဖြေရှင်းဆောင်ရွက်ပေးရန် ပန်းသီးစိုက်တောင်သူများက လိုလားနေကြသည်။

May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...