ကျောက်တော်မြို့မစခန်းမှူး လုပ်ကြံခံရ၍သေဆုံး

ကျောက်တော်မြို့မစခန်းမှူး လုပ်ကြံခံရ၍သေဆုံး

ထွန်းခိုင် — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မ ရဲစခန်းမှူး ဒုရဲမှူး ထွန်းနိုင်ဦးသည် ဩဂုတ် ၁၂ ရက်နေ့ည ၇ နာရီခန့်ကျော်တွင် လုပ်ကြံခံရ၍ သေဆုံးသွားကြောင်း သတင်းရရှိသည်။

၎င်းအား ညနေ ၇နာရီ မိနစ်၅ဝခန့် အချိန်တွင် အရပ်ဝတ်ဖြင့် အမည်မသိ အမျိုးသား ၄ ဦးမှ ရဲစခန်းအနီး လမ်းတစ်ဖက်တွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသွားခဲ့သည်ဟု မျက်မြင်ဒေသခံများက ပြောဆိုသည်။

ယခုသေဆုံးသွားသော စခန်းမှူးမှာ ကျောက်တော်မြို့တွင် တာဝန်ထမ်းဆောင်ရန် ရောက်လာခဲ့သည်မှာ တစ်လနီးပါးလောက်သာ ရှိသေးကြောင်း သိရှိရသည်။

သေဆုံးသွားသော စခန်းမှူး၏ ရုပ်အလောင်းကို ကျောက်တော်ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသော်လည်း အသေးစိတ် ပြောဆိုခြင်း မရှိဘဲ ဖုန်းချသွားခဲ့သည်။

ကျောက်တော်ဒေသခံ တစ်ဦးက “ မနေ့ညနေကတော့ ပစ်ခတ်သံတွေကြားလိုက်တယ်။ ရဲစခန်းထဲမှာ ဖြစ်တာလား။ စခန်းအပြင်မှာဖြစ်တာလားတော့ မသိဘူး။ ဘယ်သူနှင့် ဖြစ်တယ် ဆိုတာကိုလည်း ကျနော်တို့ မသိဘူး။ စခန်းအနီးအနားကတော့ ပစ်ခတ်သံတွေကြားလိုက်တယ်” ဟုပြောသည်။

ကျောက်တော်တွင် ပြီးခဲ့သော ဇွန်လ ၁၃ ရက်နေ့ကလည်း ကျောက်တော်မြို့၊ မြို့သစ်ရပ်ကွက်တွင် ဆိုင်ကယ်နှင့်သွားနေသော ရဲအုပ်အောင်မင်းဇော်အား အမည်မသိ လူနှစ်ဦးက ဆိုင်ကယ်နှင့်လိုက်လာပြီး ဓားဖြင့်ထိုးသတ်ခဲ့သဖြင့် သေဆုံးသွားခဲ့သည်။

ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့ကလည်း ကျောက်တော်မြို့ရဲစခန်းမှ ရဲမှူးစောသန်းလွင်မှာ ဓားထိုးခံရပြီး သေဆုံးသွားခဲ့သလို ၂ဝ၁၉ စက်တင်ဘာလ ၂၂ ရက်နေ့ကလည်း ကျောက်တော် ရဲစခန်းမှ ရဲတပ်ကြီး ဦးမောင်လှလည်း ဓားထိုးခံရပြီး သေဆုံးသွားခဲ့သည်။

အလားတူ စစ်တွေမြို့တွင်လည်း ဇွန်လ ၂၉ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် စစ်တွေမြို့ အမှတ် ၁ ရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော တပ်ကြပ်ကြီး ဦးမောင်မောင်သန်းသည် မကျည်းမြိုင်ရပ်ကွက် မိမိ၏ နေအိမ်နားတွင် အမည်မသိ လူနှစ်ဦး၏ ဓားထိုးခံရမှုကြောင်း သေဆုံးသွားခဲ့သည်။

Most read this week

(ပုံဟောင်း / Crd)
August 22, 2026
ပဲခူးတိုင်း၊ ပြည်မြို့သို့ စစ်သားများ တင်ဆောင်လာသည့် စစ်ကား အစီး ၁၀၀ ကျော် ရောက်ရှိလာကြောင်း ပကဖ...
August 21, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၌ ညအချိန် အလုပ်မှ ပြန်လာသည့် လူငယ်တစ်ဦးကို စစ်အုပ်စုတပ်နှင့် ရဲ...
(ဓာတ်ပုံ - Crd)
August 20, 2026
အမ်း-ပဒါန်းလမ်းရှိ နတ်ရေကန်တောင်သို့ ထိုးစစ်ဆင်နေသည့် စစ်အုပ်စုတပ်၏ စစ်ကူစစ်ကြောင်းများ၏ ယာယီ...
August 20, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်၏ ရှေ့ထွက် အဝတောင် ကာကင်းစခန်းများကို အာရက္ခ...