ပလက်ဝတွင် အင်တာနက်လိုင်းသုံးလို့ မရသေး

ပလက်ဝတွင် အင်တာနက်လိုင်းသုံးလို့ မရသေး

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ဆက်သွယ်ရေးအင်တာနက်လိုင်းများကို သြဂုတ်လ (၁) နေ့ညကစ၍ ပြန်လည်ဖွင့်ပေးလိုက်ပြီဟု သတင်းများထွက်ပေါ်လာသော်လည်း ယနေ့ချိန်ထိ အင်တာနက်များသုံးစွဲ၍ မရသေးကြောင်း ပလက်ဝဒေသခံများကပြောသည်။



ယင်းကိစ္စနှင့်ပတ်သက်၍ ပလက်ဝမြို့ဒေသခံတစ်ဦးဖြစ်သည့် ကိုအိုက်ထွန်းမင်းက “လောလောဆယ်ထိတော့မရသေးဘူးနော်၊ ရတယ် ဆိုတာက တချို့ဖုန်းတွေမှာ မက်ဆေ့ နဲ့ပို့ပြီးတော့ အင်တာနက်လိုင်းပြန်ရပြီ ပြန်သုံး လို့ရပြီဆိုတဲ့ မက်ဆေ့ရောက်တာရှိတယ်၊ တချို့ဖုန်းတွေမှာမရောက်ဘူး ကျွန်တော် တို့ဖုန်းတွေဆိုရင်မရောက်ဘူးပေါ့နော် ရောက်တဲ့ဖုန်းတွေကိုလည်း အင်တာနက်သုံး ကြည့်တော့ အင်တာနက်လိုင်းမတက်ဘူး၊ ကျောက်တော်တို့ဖက်မှာလည်းမေးကြည့်တော့ မရဘူးလို့ပြောတယ်၊ အင်တာနက်သုံးလို့ရတဲ့ အခြေအနေအဆင့်မှာမရှိဘူးပဲ Messenger / Viber တို့ စာပို့လို့သုံးလို့မရဘူးဆိုတော့ အင်တာနက်ရတယ်ဆိုတာကတော့လက်ခံလို့မရတဲ့အခြေအနေမှာရှိပါတယ်’’ ဟု ပြောသည်။



မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့တိုက်ပွဲဖြစ်ပွားရာဒေသ ရခိုင်ပြည်နယ် ၈ မြို့နယ် နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ကစ၍ ဆက်သွယ်ရေး အင်တာနက်လိုင်းများကို အစိုးရက ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။



ပလက်ဝမြို့နယ်သည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT အော်ပရေတာကတ်များကို အဓိကအသုံးပြုနေကြပြီး အင်တာနက် 4G ကွန်ယက်အပြည့်အဝမရရှိဘဲ 2G ကွန်ယက်အဆင့်သာရှိသောကြောင့် သုံးစွဲ၍မရကြောင်း ပလက်ဝဒေသခံအမျိူးသမီးတစ်ဦးကပြောသည်။



“အင်တာနက်သုံးလို့မရသေးဘူး 2G ပဲ ဖွင့်ပေးတာဆိုတော့အဝိုင်းပဲလည်နေတာ၊ Facebook / Messenger/ Viber အကုန်လုံး သုံးလို့မရဘူး။ သတင်းလည်းဖတ်လို့ မရဘူး။ အင်တာနက်ဖွင့်ပေးတယ်ဆိုရုံပဲ ခုလောလောဆယ် ဘာမှသုံးလို့မရဘူး အရင်အတိုင်း မဖွင့်တာနဲ့မထူးခြားဘူးအပိတ်ခံနေရဆဲပဲ” ဟု အဆိုပါဒေသခံအမျိူသမီးကပြောသည်။



ယင်းကဲ့သို့ အင်တာနက်အသုံးပြုမှုကို ပိတ်ထားသောကြောင့် ဒေသအတွင်း ၊စီးပွားရေး၊ လူမှုရေး ၊ပညာရေး အဘက်ဘက်မှ ထိခိုက်နှစ်နာမှုများရှိသည့်အပြင် အထူးသဖြင့် ကိုဗစ်နိုင် တင်းကာလဖြစ်သည့်အတွက် ကျန်းမာရေးသတင်းများသိရှိရန် အခက်အခဲကြုံတွေ့နေကြရသည်ဟု သိရသည်။



ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ဆက်သွယ်ရေး အင်တာနက်လိုင်းပိတ်ပင်မှုသည် တစ်နှစ်ကျော် ကြာမြင့်ပြီဖြစ်၍ ကမ္ဘာ့အရှည်ကြာဆုံး အင်တာနက်ပိတ်ပင်မှုအဖြစ် စံချိန်တင်ခဲ့ရပြီး ပြည်တွင်းပြည်ပ အဖွဲ့အစည်းများက အင်တာနက်လိုင်းပြန်ဖွင့်ပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့ကြသည်။

February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...