လားနွန် – လာမည့်နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်(CNLD) ပါတီက မဲဆန္ဒနယ်မြေ (၄၈) နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ဇူလိုင်လ (၂၂) ရက်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။
CNLD ပါတီအနေဖြင့် ချင်းပြည်နယ်တစ်ပြည်နယ်လုံးအပြင် ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း နှင့် မကွေးတိုင်းဒေသကြီးတို့တွင်လည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဇူလိုင်လ (၁၉) ရက်နေ့ ပါတီအစည်းအဝေးမှ အတည်ပြုစာရင်းအရ မဲဆန္ဒနယ်မြေ (၄၈) လျာထားသော်လည်း ထပ်တိုးလာဖွယ်ရှိသည်ဟု CNLD ပါတီအထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။
“အဲဒီမှာ (၄၈) ဦးရှိပါတယ် ဒါပေမဲ့ ဒီဟာက ဆိုလိုချင်တာကတော့ အခုနောက်ပိုင်းမှာလည်းပဲ အမတ်လောင်းတွေကို လျှောက်လာတဲ့သူတွေနဲ့ ဆောင်ရွက်နေဆဲတွေ အတည်ပြုနေတဲ့ဟာတွေ နောက်တိုးတွေလည်းရှိသေးတယ်၊ အခုကျနော်တို့ ကြေညာတဲ့ (၄၈) ဦးကတော့ ဇူလိုင်လ (၁၉) ရက်နေ့အထိ ကျနော်တို့အတည်ပြုထားတာဖြစ်ပါတယ်၊ ဒါပေမဲ့ ကျနော်တို့ ဆက်လက်ပြီး ဆောင်ရွက်နေတဲ့အခါမှာ ဒီတွန်းဇံတို့ တမူးတို့ တီးတိန်တို့ ဒီဖက်က ရခိုင်ပြည်နယ်တို့ နောက်တိုးဝင်လာတဲ့သူတွေရှိကြတော့ စုစုပေါင်းအားဖြင့်တော့ ကျနော်တို့ ဒီတစ်ခေါက်မှာ ကျနော်တို့မှန်းတာ ၂၀၂၀ ရွေးကောက်ပွဲမှာကျနော်တို့ပါတီအနေနဲ့ (၅၅) နဲ့ (၆၀) နေရာကြားလောက်မှာ ကျနော်တို့အမတ်လောင်း ဝင်ပြိုင်ဖို့စီစဉ်ထားပါတယ်” ဟု ဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။
ဇူလိုင်လ (၂၂) ရက်နေ့စွဲဖြင့် ထုတ်ပြန်သော CNLD ၏ ကြေညာချက်တွင် ချင်းပြည်နယ်တွင် မဲဆန္ဒနယ်မြေ (၃၃) နေရာ၊ မကွေးတိုင်းဒေသကြီး မင်းလှ၊ မင်းတုန်း၊ ဆော၊ တောင်တွင်းကြီး၊ ငဖဲ နှင့် ထီးလင်းမြို့နယ်တို့တွင် (၈) နေရာ၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တွင် (၄) နေရာ၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် (၁) နေရာစီဝင်ရောက်ယှဉ်ပြိုင်ကြမည်ဟု ဖော်ပြထားသည်။
ချင်းပြည်နယ်တွင် ယခင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအစိုးရနှင့် ယခုအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီအစိုးရတို့သည် ဖွံ့ဖြိုးရေးနှင့်တည်ဆောက်ရေးပိုင်းများကို အဓိကထား လုပ်ဆောင်ခဲ့ကြသော်လည်း ဖက်ဒရယ်အရေးနှင့် အမျိူသားရေးပိုင်းတွင် ဆောင်ရွက်မှုမရှိကြသည့်အတွက် ယင်းကိစ္စကိုအကောင်အထည်ဖော်ဆောင်နိုင်ရန် ပြည်သူလူထုအနေဖြင့် CNLD ပါတီနှင့်အတူရပ်တည်ရန်လိုအပ်သည်ဟု ဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။
“ကျနော်တို့ ချင်းပါတီကတော့ ဖက်ဒရယ်ကိုအခြေခံပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်နေတဲ့ နိုင်ငံရေးပါတီဖြစ်တယ်၊ ကြံ့ခိုင်ရေးခေတ်မှာ ဖွံ့ဖြိုးရေးသည် တတ်နိုင်သလောက်တော့ လုပ်နေတာပဲ NLD အာဏာရတဲ့အခါမှာ ဒီမိုကရေစီတည်တံ့ရေးအတွက် သူလည်းတတ်နိုင်သလောက်တော့လုပ်ပါတယ်။ ဒါပေမဲ့ဘယ်ဟာက လစ်ဟာနေသလဲ ဘယ်ဟာက ဆောင်ရွက်ဖို့ကျန်ခဲ့သလဲဆိုရင် ကိုယ့်အမျိုးသားရေးဆောင်ရွက်နေတဲ့အပိုင်းမှာ ဟာနေတဲ့အပိုင်းအများရှိပါတယ်။ ဘာပဲဖြစ်ဖြစ်ဒီတစ်ခေါက်ကျတော့ ကျနော်တို့တိုင်းရင်းသားတွေ အမျိုးသားရေး ဖက်ဒရယ်အရေး အစိုးရကနေပြီးဆောင်ရွက်ခြင်းမရှိတဲ့ ကျနော်တို့ရဲ့တိုင်းရင်းသား မြေနေရာကိစ္စ အခုခေတ်စားနေတဲ့ အကျင့်ပျက်လဒ်စားမှုကိစ္စ တိုင်းရင်းသားဘာသာစကားသင်ကြားမှုကိစ္စ ဖက်ဒရယ်နဲ့ ပတ်သက်တဲ့အပိုင်းတွေ အဲဒါတွေကို ဖြည့်ဆည်းပေးဖို့ဖြစ်နေတဲ့အတွက်ကြောင့် ဒီတစ်ခေါက်မှာတော့ တိုင်းရင်းသားပါတီတွေကို ပြည်သူလူထုကရပ်တည်ပေးဖို့ဖြစ်ပါတယ်” ဟု CNLD ပါတီထွေထွေအတွင်းရေးမှူးကပြောသည်။
ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) ပါတီသည် ချင်းပါတီကြီးသုံးပါတီ (CPP, CNDP, CLD) တို့မှ ပူပေါင်းဖွဲ့စည်းထားသည့် ပါတီဖြစ်ပြီး ချင်းပြည်နယ်တွင် NLD နှင့် USDP ပါတီအတွက် အဓိကအင်အားကြီး ပြိုင်ဘက်ဖြစ်လာမည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားကြသည်။
ပြီးခဲ့သည့် ၂၀၁၅ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် (CPP, CNDP, CLD) ပါတီတို့သည် တစ်ပါတီချင်းစီဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မဲဆန္ဒနယ်မြေ တစ်နေရာမှ အနိုင်ရရှိခြင်းမရှိခဲ့ပေ။







