အမ်းမြိုပေါ်ရှိ ချင်းစစ်ဘေးရှောင်ပြည်သူများ ရိက္ခာနှင့် ယာယီအဆောင်များလိုအပ်နေ

အမ်းမြိုပေါ်ရှိ ချင်းစစ်ဘေးရှောင်ပြည်သူများ ရိက္ခာနှင့် ယာယီအဆောင်များလိုအပ်နေ

ရခိုင်ပြည်နယ် ၊ အမ်းမြို့ပေါ်တွင်ရောက်ရှိနေသည့် ချင်းစစ်ဘေးရှောင်ပြည်သူများအတွက် ရိက္ခာဆန်နှင့် နေထိုင်စရာ ယာယီအဆောင်များအရေးတကြီးလိုအပ်နေသည်ဟု ချင်းစစ်ဘေးရှောင်ပြည်သူများ အရေးပေါ်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ(RRCCI) ဥက္ကဌ ဆလိုင်းအိုက်ဇက်ခင်ကပြောသည်။

“လောလောဆယ်တော့ စခန်း (၂) ခုထဲမှာ လူဦး ၁၅၃၄ ဦး ရှိတယ် ချင်းရော ရခိုင်ရော ရှိတယ် ။ အများစုက ချင်းလူမျိုး များတယ်။ စခန်းအပြင်ဖက်မှာ ကိုယ့်အစီအစဉ်နဲ့ကို ကိုယ်ထူကိုယ်ထနေကြတဲ့ သူတွေရှိတယ် သူတို့က ၃၀၀၀ လောက်ရှိ တယ်၊ စာရင်းကောက်တာ ၁၉၆၀ ဦးစာရင်းရတယ်၊ ကျန်တာတော့ ကောက်နေဆဲပဲ၊ အဓိကသူတို့လိုတာက စားစရာဆန် ၊ နေစရာ ၊ လုံခြုံရေး သွားရေးလာရေးခက်တယ် ၊ ကျန်းမာရေး နဲ့ပညာရေးတွေ အခက်အခဲရှိတာပေါ့ ” ဟု (RRCCI) ဥက္ကဌ ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။

ယခုလက်ရှိ အမ်းမြို့ပေါ်တွင် စစ်ဘေးရှောင်စခန်းအမှတ် (၁)နှင့် အမှတ် (၂) ဟူ၍ စခန်းနှစ်ခုရှိပြီး အစိုးရဖက်မှ စခန်းအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကိုတာဝန်ယူကာ စခန်းတွင်နေရာထိုင်ခင်းမလုံလော က်မှုကြောင့် စခန်းအပြင်ဖက်တွင် ကိုယ့်အစီစဉ်နှင့်ကိုယ်နေထိုင်ကြသော စစ်ဘေးရှောင်ပြည်သူများကိုမူ တာဝန်မယူပေးသည့်အတွက် အခက်ကြုံတွေ့နေကြရသည်ဟု ၎င်းကဆက်ပြောသည်။

“အစိုးရဖက်ကတော့ စခန်း(၂)ခုထဲမှာရှိတဲ့ပြည်သူတွေကိုတော့ တာဝန်ယူပေးတာပေါ့ ၊ စခန်းအပြင်ဖက်မှာရှိတဲ့သူတွေကိုတော့ အစိုးရကဖက်တော့ တာဝန်မယူဘူး၊ စခန်းအပြင်ဖက်မှာရှိသူတွေကို လူမူရေး ၊ ဘာသာရေးအဖွဲ့အစည်းတွေက ဝိုင်းကူညီတာပေါ့၊ နောက်ထပ် စခန်းတခုလိုတယ်လို့ ပြောတယ် ၊ ကျွန်တော်တို့ကလည်း အဲ့ဒီကိစ္စကို စခန်းတခုထပ်ရအောင် ပြောပေးနေတယ် ” ဟု ဆလိုင်းအိုက်ဇက်ခင်ကပြောသည်။

အမ်းမြို့ပေါ်သို့ ရောက်ရှိလာကြသည့် စစ်ဘေးရှောင်ပြည်သူများသည် ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒါးလက်အုပ်စုအတွင်းရှိ ကျေးရွာပေါင်း (၄၀) ကျော်မှ ဒေသခံများဖြစ်ကြပြီး ရက္ခိုင့်တပ်တော် (အေအေ) နဲ့ တိုက်ပွဲဖြစ်ပွားမှုကြောင့် မြန်မာ့တပ်မတော်မှ ရေလမ်း ကုန်လမ်း ပိတ်စို့ကာ ရိက္ခာများပြတ်လပ်သည့်အတွက် ထွက်ပြေးတိမ်းရှောင်လာကြခြင်းဖြစ်သည်။

စခန်းအပြင်ဖက်တွင်ကိုယ့်အစီစဉ်ဖြင့် နေထိုင်ကြသည့် စစ်ဘေးရှောင်ပြည်သူများကို ချင်းစစ်ဘေးရှောင်ပြည်သူများ အရေးပေါ်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ(RRCCI) အဖွဲ့၊ အမ်းမြို့အခြေစိုက် ချင်းအရပ်ဘက်လူမှုရေးအသင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ ချင်းတက္ကသိုလ် ကျောင်းသား/သူများဖွဲ့ (CUSR) တို့ဦးဆောင်မှုဖြင့် ဆန်အိမ် (၁၀၀) ကို ဇူလိုင်လ ၁၉ ရက်နေ့က ကူညီထောက်ပံ့ခဲ့ကြသည်ဟုသိရသည်။

ထို့အပြင် စခန်းအတွင်းနှင့် စခန်းအပြင်ဖက်တွင်နေထိုင်ကြသည့် စစ်ဘေးရှောင်ကလေးငယ်များ၏ စာရင်းကိုလည်း လိုက်လံကောက်ခံနေပြီး ကျောင်းဖွင့်ရာသီအတွင်းကျောင်းတက်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရထံ တင်ပြပေးသွားမည်ဟု ဆလိုင်းအိုက်ဇက်ခင်ကပြောသည်။

February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...