ကျော်မျိုးအောင် — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာအနီးတွင် ဇူလိုင် ၁၂ ရက် နံနက်ပိုင်းမှစတင်ကာ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုများရှိသဖြင့် ရွာလုံးကျွတ်ထွက်ပြေးလျက်ရှိနေကြောင်း ၎င်းရွာသားများထံမှသိရသည်။
“မနက်က စစ်ကြောင်းတက်လာတယ်။ ပစ်ခတ်မှုတွေဖြစ်တယ်။ နောက်လက်နက်ကြီး ရွာအနီးမှာ အဆက် မပြတ်ကျနေတယ်။ ဘယ်သူနေရဲပါမလဲ” ဟု ဒုံးပိုက်ကျေးရွာမှ ဒေါ်မသိန်းခိုင်က ပြောသည်။
ဒုံးပိုက်ကျေးရွာတွင် အိမ်ခြေ ၂၄၀ ခန့်၊ လူဦးရေ တစ်ထောင်ကျော်ရှိပြီး လက်နက်ကြီးကျရောက်မည်ကို စိုးရိမ်၍ ရွာသားများမှာ အနီးပတ်ဝန်းကျင်ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်လျက်နေကြောင်း သိရသည်။
ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းက “တိုက်ပွဲဖြစ်တာတော့မသိဘူးဗျ။ လက်နက်ကြီးတွေ ပစ်တာကတော့ မနက်ကတည်းကပစ်နေတာ အခုထိပဲ။ နယ်မြေခံတပ်ရင်းကပစ်တာပါ။ ရသေ့တောင်မြို့ပေါ် ကတောင်ကြားရတယ်။ ရွာသူရွာသားတွေထွက်ပြေး၊ မပြေးတော့ ကျွန်တော့်ဆီ စာတက်မလာသေးဘူး” ဟု ပြောသည်။
နံနက်ပိုင်းမှစတင်ကာ အင်းဒင်ကျေးရွာနှင့် ကိုးတန်ကောက်ကျေးရွာကြားရှိ ဆားငံချောင်းအနီးတွင် တိုက်ပွဲဖြစ်ပွားမှုများရှိသဖြင့် အငူမော်ကားလမ်း အသွားအလာများကို ယာယီပိတ်ထားကြောင်းလည်း ဒေသခံများထံမှ သိရသည်။
“ဒီနေ့မနက် ၈ နာရီက တိုက်ပွဲဖြစ်နေကြတာပါ။ ကားမိုင်းဆွဲခံရတဲ့အနားမှာလို့ ပြောကြတယ်။ လမ်သွား လမ်းလာတွေပိတ်ထားတယ်။ အင်းဒင်ကနေ ကိုးတန်ကောက်ကြားမှာဖြစ်နေကြတာ။ အခုထိဖြစ်တုန်းပဲ” ဟု ဒေသခံ ကိုထွန်းမြတ်ဦးကပြောသည်။
ဇွန်လ ၂၂ ရက်နေ့က ကိုးတန်ကောက်ကျေးရွာအနီးရှိ ဆားငံချောင်းတံတားအနီးတွင် နယ်ခြားစောင့်ရဲများ စီးနင်းလိုက်ပါလာသည့် ကုန်တင်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် အရပ်သားယာဉ်မောင်းတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့သည်။
ထိုဖြစ်စဉ်တွင် အရပ်သားယာဉ်နောက်လိုက်တစ်ဦးနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်လေးဦးမှာလည်း ထိခိုက် ဒဏ်ရာ ရရှိမှုများရှိခဲ့ကြောင်း တပ်မတော်ကသတင်းထုတ်ပြန်ခဲ့သည်။







