ကရင်ပြည်နယ် မြဝတီမြို့နှင့် တဖက်ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့အား စည်းခြားထားသည့် ထိုင်း-မြန်မာ နယ်ခြား သောင်ရင်းမြစ်ကမ်း တလျှောက်ရှိ လှေဂိတ် ၃၃ အား ထိုင်းဘက်ခြမ်းက ကုန်စည်စီးဆင်းမှု အတွက် ဇူလိုင်လ ၆ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဟုဆိုသော်လည်း မြန်မာဘက်ခြမ်းမှ ကိုဗစ်အရေးပေါ်ကာလကို ဇူလိုင်လ ၁၅ ရက်နေ့ထိ သတ်မှတ်ထား၍ ပိတ်ထားလျက်ရှိကြောင်း သိရသည်။
ဇူလိုင်လ ၃ ရက်နေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ကျင်းပသော ထိုင်းအာ ဏာပိုင်များနှင့် ကုန်သည်လုပ်ငန်းရှင် များ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူး Mr.Orsit Sam Phan Tharat က နှစ်နိုင်ငံကုန် သွယ်ရေးအတွက် အရေးပါသော နယ်ခြားသောင်ရင်းမြစ်ကမ်းတလျှောက်ရှိ လှေဂိတ် ၃၃ ဂိတ်အား ပြန်လည်ဖွင့် လှစ်သွားမည်ဟု ပြောဆိုထားသည်။
သို့သော် မြန်မာနိုင်ငံတွင် Covid-19 အရေးပေါ်ကာလကို ဇူလိုင်လ ၁၅ ရက်နေ့ထိ သတ်မှတ်ထားပြီး ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် အလေးထားဆောင်ရွက်ရမည့် ကာလဖြစ်နေ၍ နှစ်နိုင်ငံနယ်စပ် သောင်ရင်းမြစ်ကမ်းတလျှောက်ရှိ လှေဂိတ်များအား မည်သည့် အကြောင်းနှင့်မျှ အသုံးပြုခွင့်ရမည် မဟုတ်ကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင် က ပြောသည်။
“နှစ်နိုင်ငံနယ်စပ်သောင်ရင်းမြစ်ကမ်းတလျှောက်မှာရှိတဲ့ လှေဂိတ်တွေကို Covid-19 အရေးပေါ်ကာလ စတင် ချိန် မတ်လ ၁၆ ရက်နေ့ကတည်းက ပိတ်ခဲ့ပြီး နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုအတွက် ထိုင်း-မြန်မာ အမှတ် ၂ တံ တားမှတဆင့်သွားလာခွင့်ပြုထားပါတယ်။ မြန်မာနိုင်ငံအနေဖြင့် Covid-19 အရေးပေါ်ကာလကို ဇူလိူင်လ ၁၅ ရက်နေ့ထိ သတ်မှတ်ထားပြီးနယ်စပ်ဖြတ်ကျော်သွားလာခြင်းအပြင် နိုင်ငံတကာလေဆိပ်တွေပါပိတ်ထားရတဲ့ အ ခြေအနေမှာ နယ်စပ်သောင်ရင်းမြစ်တလျှောက်ရှိ လှေဂိတ်များအား ဖွင့်ခွင့်ပြုမှာမဟုတ်ပါ”ဟု ခရိုင် အုပ်ချုပ် ရေးမှူးက ပြောသည်။
ယနေ့ နံနက်ပိုင်း မြဝတီနယ်စပ် အမှတ် ၁ ဂိတ်အတွင်း ကမ်းနားတလျှောက်၌ နယ်ခြားစောင့်တပ်များမှ လုံခြုံရေး တင်းကြပ်ထားပြီး ထိုင်းဘက်ခြမ်းမှ ကုန်စည်ဖြတ်သန်းမှုများ မရှိစေရန် စောင့်ကြည်လျက်ရှိကြောင်း ကရင်ပြည် နယ်၊ နယ်ခြား စောင့်တပ် -BGF တပ်နယ် ၄ မှ ဗိုလ်ကြီးအဆင့်ရှိ စောဟဲက ယခုလို ပြောသည်။
“ဒီအချိန်က ကိုဗစ် အရေးပေါ်ကာလအဖြစ် သတ်မှတ်ထားသလို အထက်တာဝန်ရှိ လူကြီးတွေကလည်း ညွှန် ကြားချက်ရှိတာ ကျနော်တို့ တပ်ဖွဲ့အနေနဲ့ အမျိုးသားရေး တာဝန်တရပ်အနေဖြင့် နှစ်နှစ်ငံနယ်စပ် သောင်ရင်း မြစ်ဖြတ်ကျော် ကူးလူးသွားလာခြင်းကို မည်သည့် အကြောင်းနှင့်မျှ ခွင့်မပြုပဲ စောင့်ကြည့်သွားမယ်”ဟု ၎င်းက ပြောသည်။
ထိုင်း-မြန်မာနယ်ခြား သောင်ရင်းမြစ်ကမ်းတလျှောက်ရှိ လှေဂိတ်များမှ တဆင့် ထိုင်းဘက်ကသွင်းကုန်များမှာ ထိုင်းဘက်ခြမ်းတွင် အခွန်ဆောင်ပြီးသား ကုန်ပစ္စည်းများဖြစ်ပြီး မြန်မာဘက်ခြမ်းသို့ ရောက်ရှိချိန်တွင် အချို့ကုန်ပစ္စည်းများမှာ အခွန်ဆောင်ရန် အခက်ခဲရှိ ကုန်ပစ္စည်းများပါဝင်ကြောင်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။







