ရခိုင်မှစစ်ဘေးရှောင်စခန်းအချို့တွင် ခြင်ထောင်များ အရေးပေါ်လိုအပ်နေ

ရခိုင်မှစစ်ဘေးရှောင်စခန်းအချို့တွင် ခြင်ထောင်များ အရေးပေါ်လိုအပ်နေ

ကျော်သူဋ္ဌေး — ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းအချို့တွင် ခြင်ထောင်များ အရေးပေါ်လိုအပ်နေကြောင်း စခန်း တာဝန်ခံများထံမှ သိရသည်။

မင်းပြားမြို့နယ်၊ အမ်းသားရွာစစ်ဘေးရှောင်စခန်းနှင့် သေကန်စစ်ဘေးရှောင်စခန်းနှစ်ခုတွင် လူဦးရေ ၁၅၀၀ ကျော်ရှိပြီး ခြင်ထောင်မရှိသောကြောင့် တဲအိမ်အောက်တွင်မီးမွှေးကာ အိပ်နေကြရကြောင်း သင်္ဂဟကမ်းလက် ရက္ခိတအသင်း ဥက္ကဋ္ဌ ကိုအမ်းသားကြီးကပြောသည်။

“ခြင်ထောင်မရှိဘူးဆိုရင် ခြင်ကိုက်တယ်။ ငှက်ဖျား၊ တုတ်ကွေးရောဂါတွေလည်း ဖြစ်လာနိုင်တယ်။ လက်ရှိမှာ ခြင်ထောင်မရှိတာကြောင့် အဆောင်အောက်မှာ မီးမွှေးထားပြီး မီးခိုးငွေ့လွှတ်ကာ အိပ်နေကြရတယ်”ဟု ၎င်းက ဆိုသည်။

မိုးရာသီကျရောက်လာ၍ လယ်ကွင်းများ၌ထားရှိသော စစ်ဘေးရှောင်စခန်းများတွင် ရေစီးရေလာ မကောင်းမွန် သဖြင့် ခြင်ပေါက်ဖွားနှုန်းများလာကာ ငှက်ဖျားရောဂါ၊ သွေးလွန်တုတ်ကွေးရောက်ဂါ စသည်တို့ ဖြစ်လာနိုင်သည့်အတွက် ခြင်ထောင်များ အရေးပေါ်လိုအပ်နေကြောင်း စခန်းတာဝန်ခံများက ဆိုကြသည်။

အိမ်ထောင်စု ၈၄၅ စု၊ လူဦးရေ သုံးထောင်ကျော် ခိုလှုံနေကြသည့် မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင် စခန်းတွင် ယခင်နှစ်ကရှိသည့် ခြင်ထောင်အစုတ်အပြဲများကို ဖာထည့်အသုံးပြုနေကြရကြောင်း စခန်းတာဝန်ခံ ဦးဝေလှအောင်က ပြောသည်။

“ကျန်းမာရေးဌာနကလည်း ကျန်းမာရေးနဲ့ပတ်သတ်တဲ့ ခြင်ထောင်တွေပေးတာ မရှိသေးဘူး။ တချို့ပိုက်ဆံတတ်နိုင်တဲ့ မိသားစုတွေဆို ဝယ်ပြီးသုံးနေကြတယ်။ လုံးဝခြင်ထောင်မရှိဘဲ အိပ်နေကြတဲ့သူတွေလည်းရှိတယ်” ဟု ၎င်းက ရှင်းပြသည်။

အလားတူ အိမ်ထောင်စု ၁၅၂ စု၊ လူဦးရေ ၇၀၀ ကျော်ရှိသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ မြတ်လှဲစစ်ဘေးရှောင်စခန်း တွင်လည်း ယခုနှစ်တွင် ခြင်ထောင်များ လာရောက်ပေးခြင်းမရှိသောကြောင့် ယခင်နှစ်ကရှိသည့် ခြင်ထောင်အဟောင်းများဖြင့်သုံးနေရကာ ခြင်ထောင်မရှိသော အိမ်ထောင်များလည်းရှိနေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလပြည့်အောင်က ပြောသည်။

ယင်းအပြင် ကျောက်တော်မြို့နယ်၊ ဝါးတောင်စစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၁၂၀၀ ကျော်ရှိရာ လူအရေ အတွက်နှင့် ခြင်ထောင်အရေအတွက် မလောက်မငှဖြစ်နေကြောင်း စခန်းတာဝန်ခံ ဦးအောင်ကျော်ညွှန့်က ဆိုသည်။

ယခုနှစ်တွင် စစ်ဘေးရှောင်စခန်းများကို အလှူရှင်များ လာရောက်လှူဒါန်းမှု နည်းပါးလာသလို ကျန်းမာရေးဌာန အနေဖြင့်လည်း ခြင်ထောင်များ လာရောက်ပေးခြင်းမရှိကြောင်း စခန်းတာဝန်ခံများက ဆိုကြသည်။

ရခိုင်ပြည်နယ်အတွင်းတွင် ၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလမှ ဇွန်လ ၁၈ ရက်နေ့အထိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၁၀၀ ဦးခန့်ရှိပြီး သေဆုံးသူမရှိကြောင်းနှင့် ၂၀၁၉ ခုနှစ်ကလည်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ ၁၈၀၈ ဦးရှိခဲ့ပြီး သေဆုံးသူ ၈ ဦးရှိခဲ့ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။

စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...
စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
September 17, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ...
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...