တရားစီရင်ရေး ပိုမိုမြန်ဆန်လာစေရန် (C.M.P)စနစ်ကို မြဝတီမြို့နယ်တရားရုံးတွင် စတင်ကျင့်သုံး

တရားစီရင်ရေး ပိုမိုမြန်ဆန်လာစေရန် (C.M.P)စနစ်ကို မြဝတီမြို့နယ်တရားရုံးတွင် စတင်ကျင့်သုံး

ကရင်ပြည်နယ် မြဝတီမြို့နယ်တရားရုံးတွင် တရားစီရင်ရေးကိစ္စရပ်များ၌ နှောင့်နှေးကြန့်ကြာနေမှုများ မရှိစေရေးအတွက် (C.M.P) စနစ်ခေါ် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ဖြင့် အမှုစစ်ဆေးခြင်းများကို ဇူလိုင်လ ၁ ရက်နေ့တွင် စတင်ကျင့် သုံးနေပြီဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်စန်း ပြောသည်။

၎င်းက “မှုခင်းဆိုင်ရာ စီမံခန့်ခွဲမှု အစီအစဉ် Case Management Program (C.M.P) စနစ်ဆိုတာက အမှုတစ် ခုမှာ ပါဝင် မယ့် တရားလို၊ တရားခံ/ပြိုင်တွေနဲ့ နှစ်ဖက်ရှေ့နေတွေ ဥပဒေအရာရှိပါဝင်တဲ့အမှုမှာဆိုရင်လဲ ဥပဒေအရာရှိပေါ့။ အကုန် လုံး အမှုနဲ့သက်ဆိုင်သူတွေ စုံပြီးလို့ရှိရင် ဘယ်နေ့မှာ အမှုကိုစစစ်မယ်၊ ဘာတွေ ဆောင်ရွက်မယ်ဆိုတာကို အစည်းအ ဝေးထိုင်ပြီး နေ့ရက်သတ်မှတ်ပေးတယ်၊ အသီးသီး လက်မှတ်ထိုးတယ်၊ ပြီးရင် စာရွက်တွေကို တခါတည်းပေးတယ်။ အဲ့ လို C.M.P စနစ်ပြောင်းလဲကျင့်သုံးခြင်းအားဖြင့် အမှုတွေကို ပိုမိုမြန် ဆန်စေပါတယ်” ဟု ပြောသည်။

အဆိုပါ ပြောင်းလဲကျင့်သုံးသည့် Case Management Program (C.M.P) စနစ်မှာ တရားစီရင်ရေးလုပ်ငန်းများမှာ ပိုမိုမြန်ဆန်လာပြီး အမှုနှင့်ပတ်သက်သူများအတွက် အချိန်ကုန်သက်သာစေ၍ များစွာအကျိုးရှိကြောင်း မြဝတီမြို့နယ် တရားရုံးမှ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ချင်းက ဆိုသည်။

“ဒီ C.M.P စနစ်ကတော့ အမှုနဲ့ပတ်သက်တဲ့ တရားလို၊ တရားခံ/ပြိုင်တွေနဲ့ သက်သေတွေအဖို့ အမှုစစ်ဆေးတဲ့နေရာမှာ မြန်ဆန်လာ၍ တရားရုံးကိုလာရတဲ့ စရိတ်စကတွေ အချိန်တွေ သက်သာလာတဲ့အတွက် အများကြီးကောင်းသွားတာပေါ့။ ကျနော့်တို့အတွက်လည်း အမှုတွေကိုမြန်မြန်ဆန်ဆန်စစ်ဆေးရလို့ များစွာ အဆင်ပြေတယ်” ဟုပြောသည်။

သို့သော် အဆိုပါ ကျင့်သုံးမည့် အစီအစဉ်အရ အမှုအမျိုးအစားအပေါ်မူတည်၍ စစ်ဆေးသွားရမည့် နေ့ရက်များကို သတ်မှတ်ပေးထားပြီး ၎င်းသတ်မှတ်ရက်အတွင်းအမှုကို အပြီးသတ်စစ်ဆေးဆောင်ရွက်ရမည်ဖြစ်၍ အမှုအတွက် အပြီး သတ်ချိန်ကို သိနိုင်သော်လည်း အချိန်မလုံလောက်သည့် ပြဿနာ ရှိလာနိုင်ကြောင်း မြဝတီခရိုင် ဥပဒေ အထောက် အကူပြု ဥက္ကဋ္ဌ တရားလွှတ်တော် ရှေ့နေ ဦးမျိုးအောင်က သုံးသပ်ပြောဆိုသည်။

၎င်းက “C.M.P.စနစ်မှာ တရားမမှုတွေကို ရက်ပေါင်း ၂၇၀ နဲ့ ၅၄၀ ကြား အပြီးသတ်စစ်ဆေးရပြီး ပြစ်မှုပိုင်းမှာတော့ ရက်ပေါင်း ၉၀ ကနေ ၂၇၀ အတွင်း အပြီးသတ်စစ်ဆေးရပါတယ်။ ဒီအတွက် ကောင်းတဲ့ အားသာချက်ကတော့ အမှုအပြီးသတ်အချိန်ကို ကြိုတင်သိနိုင်ပါတယ်။ အားနည်းချက်အနေနဲ့ကတော့ ရုံးချိန်းတွေ အကန့်အသတ်နဲ့ သတ်မှတ်ထားတဲ့အတွက် စစ်ဆေးတဲ့နေရာမှာ အချိန်မလောက်ငှမှုတွေ ရှိနေနိုင်တယ်” ဟုပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ၁၁ လပိုင်း ၉ ရက်နေ့တွင် အုပ်စုဖွဲ့ ရိုက်နှက်ခံရ၍  မြဝတီမြို့မရဲစခန်းတွင် အမှုဖွင့်ပြီး လက်ရှိ မြဝတီမြို့နယ် တရားရုံးတွင် ပြစ်မှုပိုင်းအရ တရားလိုအဖြစ် အမှုရင်ဆိုင်နေသော မြဝတီမြို့ အမှတ် ၄ ရပ်ကွက်တွင် နေထိုင်သည့် ကိုဝင်းဇော်က ၂၀၁၉ ခုနှစ်မှစ၍ ယခုနှစ် ၂၀၂၀အထိ ရုံးချိန်းပေါင်း ၃၆ ချိန်း တက်ရောက်ခဲ့သော်လည်း ၎င်း၏ အမှုကို ၂ ကြိမ်သာ စစ်ဆေးဆောင်ရွက်သောကြောင်း အချိန်ကုန်နစ်နာမှုများ ရှိခဲ့ကြောင်း ပြောသည်။

“မြဝတီမြို့နယ် တရားရုံးမှာ၂၀၁၉ခုနှစ် ၄ လပိုင်း ၂၄ ရက်နေ့မှာ ရုံးချိန်းစတက်ခဲ့ရပါတယ်။ ကျနော်ဘက်က ရုံးချိန်းကို မပျက်မကွက် တက်လာခဲ့ပေမယ့် ရုံးချိန်းပေါင်း ၃၄ ချိန်းမြောက် ၂၀၂၀ ခုနှစ် ၆ လပိုင်း ၁၂ ရက်နေ့ မှာမှ အမှုမှ တရား လိုဖြစ်တဲ့ ကျနော့်ကို စတင်စစ်ဆေးခဲ့ပါတယ်။ အခုဆိုရင် ယနေ့အထိ ရုံးချိန်းပေါင်း ၃၆ချိန်း မြောက်မှာ ကျနော့်အမှုကို နှစ်ကြိမ်သာ စစ်ဆေးရသေးတယ်ဆိုတော့ ဒီလိုအချိန်တွေ ကြန့်ကြာမှုရှိခဲ့တဲ့အတွက် အချိန်ကုန်လူပမ်းပြီး ကျနော့် အဖို့အများကြီးနစ်နာမှုရှိခဲ့ပါတယ်။ အခုတော့ တရားစီရင်ရေးစနစ် မြန်ဆန်လာဖို့ ပြောင်းလဲကျင့်သုံးမယ်လို့ ကြားပါတယ်။ တကယ့်လက်တွေ့မှာ ဖြစ်လာမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ“ ဟု ကိုဝင်းဇော်က ပြောသည်။

၎င်း(C.M.P) မှုခင်းဆိုင်ရာစီမံခန့်ခွဲမှု အစီအစဉ်ကို မြဝတီခရိုင် တရားရုံးအနေဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ကတည်းက စတင်ဆောင်ရွက်ကျင့်သုံးနေပြီး လက်ရှိ မြဝတီမြို့နယ်တရားရုံးအနေဖြင့် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှစ၍ စတင်ကျင့်သုံးလာခြင်းဖြစ်သည်ဟု သိရသည်။

Most read this week

December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...
December 18, 2025
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး-ဂျိုင်းမြစ်လမ်းကြောင်းမှတစ်ဆင့် မော်လမြိုင်မြို့ဘက်သို့...
December 18, 2025
KNU – ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဘုရားသုံးဆူမြို့နယ်ခွဲ၊ ကြိမ်ချောင်း (လေးဝါးဖလို့)...
December 17, 2025
စစ်တပ်က ထားဝယ်မြို့ပေါ်တွင် လူငယ်များကို တပ်သားသစ်အတွက် ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းသို့...