ရေရှည်တည်တံ့သောငြိမ်းချမ်းရေးရရှိရေးအတွက် ကျောင်းသင်ရိုးညွန်းတမ်းများ ပြောင်းရန်လိုအပ်ဟု သုတေသနအစီရင်ခံစာတစ်ရပ်ကဆို

ရေရှည်တည်တံ့သောငြိမ်းချမ်းရေးရရှိရေးအတွက် ကျောင်းသင်ရိုးညွန်းတမ်းများ ပြောင်းရန်လိုအပ်ဟု သုတေသနအစီရင်ခံစာတစ်ရပ်ကဆို

မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သောငြိမ်းချမ်းရေးရရှိရေး၊ အမျိူးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းစွာ အတူ တကွယှဉ်တွဲနေထိုင်နိုင်ရေးအတွက် ယခုလက်ရှိသင်ကြားနေသော ကျောင်းသင်ရိုးညွန်းတမ်းများကို ပြောင်းလဲရန်အပ်သည်ဟု “မြန်မာ့ငြိမ်းချမ်းရေးအား ကျောင်းသင်ရိုးညွန်းတမ်းမှရှုမြင်ခြင်း” ဆိုသည့် သုတေသန အစီရင်ခံစာတစ်ရပ်က ထောက်ပြလိုက်သည်။

လက်ရှိကျောင်းသင်ရိုးညွန်းတမ်း အထူးသဖြင့် မြန်မာစာဘာသာရပ်များနှင့် မြန်မာ့သမိုင်းဘာသာရပ်သည် ယခုပြည်ထောင်စုမြန်မာနိုင်ငံတွင် ကြုံတွေ့ဖြေရှင်းနေရသည့် ပဋိပက္ခများနှင့် များစွာဆက်နွယ်မှုရှိနေပြီး အဆိုပါ သင်ရိုးညွန်းတမ်းပြဌာန်းမှုများသည် ခေတ်အဆက်ဆက်အာဏာပိုင်ခေါင်းဆောင်များအလိုကျ နိုင်ငံရေးစနစ်၊ လူမျိူးရေးဝါဒများကို သွတ်သွင်းသည့်သင်ခန်းစာများဖြစ်နေသည်ဟု ယင်းအစီရင်ခံစာကထောက်ပြထားသည်။

ယင်းသုတေသနအစီရင်ခံစာကို ပြုစုရေးသားသူ ဆလိုင်းမျိူးချစ်က “ မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးရရှိ ဖို့အတွက်ပဲဖြစ်ဖြစ်၊ အမျိူးသားရင်ကြားစေ့ရေး အကောင်ထည် ဖော်မှုပဲဖြစ်ဖြစ်၊ မတူညီတဲ့လူမျိူးနဲ့ဘာသာရေးတွေကြားမှာ ငြိမ်းချမ်းစွာတကယ်အတူနေထိုင်ဖို့ဆိုရင်တော့ အခုသင်နေတဲ့ ကျောင်းပညာရေးသင်ရိုးညွန်းတန်း သင်ခန်းစာတွေဟာ လုံးဝပြောင်းလဲဖို့လိုတယ် ပြောင်းလဲတဲ့အခါမှာ အားလုံးအတွက် အကျူံးဝင်နိုင်တဲ့ သင်ရိုးညွန်းတမ်းတွေပါနိုင်ဖို့ တော်တော်လေးအရေးကြီးတယ်၊ ဒီပညာရေးသာအပြောင်းအလဲမဖြစ်ဘဲနဲ့ အပေါ်မှာသာပြောနေတဲ့ ငြိမ်းချမ်းရေးတွေက ရေရည်မှာတကယ်ဖြစ်လာဖို့ဆိုတာမလွယ်ပါဘူး’’ ဟု ပြောသည်။

မြန်မာဘာသာရပ်၏ သင်ရိုးပြဌာန်းချက်များတွင် ပါဝင်သည့်အကြောင်းအရာများကို လေ့လာဆန်းစစ်ရာတွင် ဗမာ့လူနေမှုပုံစံ၊ ယဉ်ကျေးမှုအမွေအနှစ်၊ စံတန်ဖိုးများ၊ အတွေ့းအခေါ်၊ ပွဲတော်များ၊ လူမှုနှင့်အနုပညာများ၊ လူမှုကျင့်ဝတ်များ၊ ရေခံမြေခံသဘာဝများနှင့် စိတ်ခံစားမှုပုံစံများကို အထူးသဖြင့်ထည့်သွင်းထားကြပြီး ဗမာ့ယဉ်ကျေးမှုနှင့် ဗုဒ္ဓဘာသာအခြေပြုရေးသားသည့် သင်ခန်းစာများသည် ထက်ဝက်ခန့်ပါဝင်သည်ကို မြင်တွေ့ရသည်ဟု အစီရင်ခံစာကဆိုသည်။

အလားတူမြန်မာ့သမိုင်းဘာသာရပ်တွင်လည်း ရှေးဟောင်းမြို့ပြနိုင်ငံများဖြစ်သည့် ပျူ၊ ရခိုင်၊ မွန် စသည်တို့အကြောင်းကို နဝမတန်းတွင် ထည့်ထားသည့်ကလွဲ၍ ကျန်သင်ခန်းစာများအများစုသည် ဗမာ/မြန်မာ မင်းဧကရာဇ်နယ်ပယ်တည်ဆောက်ထားမှု၊ အုပ်ချူပ်ထားမှု၊ စစ်အောင်နိုင်မှု၊ ကိုလိုနီခေတ်မြန်မာ/ဗမာအမျိူးသားရေးစိတ်ဓာတ် နိုးကြားလာခြင်း၊ နယ်ချဲ့ဆန်ကျင်မှုများ စသည့် ဗမာလူမျိူးတို့၏သမိုင်း သာဖြစ်သည်ဟုဆိုနိုင်ကြောင်း အဆိုပါအစီရင်ခံစာကထောက်ပြထားသည်။

ဆလိုင်းမျိူးချစ်က “သင်ရိုးညွန်းတမ်းတွေကို ကြည့်တဲ့အခါမှာ အမြင်လွဲနိုင်တာတွေရှိတယ် ပြည်ထောင်စုမြန်မာနိုင်ငံဖြစ်တည်လာတဲ့ဟာကို ပုံဖော်တဲ့အခါမှာ ဥပမာ – ပြည်ထောင်စုနေ့ လိုဟာမျိူးကို ထည့်သွင်းပါတယ်၊ ဒါပေမယ့် ပြည်ထောင်စုနေ့ ဘယ်လိုဖြစ်လာလဲ ဘာကြောင့်ဖြစ်လာလဲဆိုတဲ့ အနှစ်သာရတွေကို မသင်ဘဲနဲ့ မြန်မာနိုင်ငံဟာ ပုဂံခေတ်ကတည်းက တိုင်းရင်းသားပေါင်းစုံနဲ့ တည်ထောင်ခဲ့ကြတယ်ဆိုတဲ့ ရိုက်သွန်းမှုနဲ့ အရင်ကတည်းကရှိလာခဲ့တာကို အင်္ဂလိပ်တွေလာလို့ ဒီလိုဖြစ်ရပါတယ်ဆိုတဲ့ သဘောမျိူးနဲ့ပဲ ချဉ်းကပ်တွေကို ကျနော်တို့တွေ့ရတယ်” ဟုပြောသည်။

မြန်မာ့သမိုင်းဘာသာရပ်များတွင်ဖော်ပြထားသော အကြောင်းအရာသင်ခန်းစာများ၏ ၈၀% ခန့်သည် မြန်မာ/ဗမာ လူမျိူးများသမိုင်းဖြစ်နေပြီး၊ ယင်းသင်ခန်းစာများကြောင့် ဗမာ/မြန်မာ လူမျိူးများ၏ သမိုင်းများကို အခြားသော တိုင်းရင်းသားလူမျိူး များက နားလည်သိမြင်လာကြသော်လည်း လူများစုဖြစ်နေသည့် မြန်မာ/ဗမာ စာသင်သားများသည် တိုင်းရင်းသားများဖြစ် တည်မှု၊ တိုင်းရင်းသားများ၏ ထူးခြားမှု အမှတ်လက္ခဏာ သမိုင်းများကို နားလည်နိုင်ခြင်းမရှိတော့ကြောင်း အစီရင်ခံစာကထောက်ပြထားသည်။

ထို့ကြောင့် သင်ရိုးညွန်းတမ်းပြဌာန်းရာတွင် ပြည်ထောင်စုနိုင်ငံဖြစ်သည်နှင့်အညီ လူမျိူးပေါင်းစုံ၊ ဘာသာပေါင်းစုံနေ ထိုင်သည့်အတွက် ဗဟုလူမှုအသိုင်းအဝန်းအတွက် အကျိူး၊ ငြိမ်းချမ်းစွာအတူတကွယှဉ်တွဲနေထိုင်ရေး၊ တရားမျှတမှု၊ တန်းတူမှု၊ လွတ်လပ်မှု စသည့် စံတန်ဖိုးများပေါ်တွင် အခြေခံသော ပြဌာန်းချက်များအဖြစ် ဆောင်ရွက်ရန်လိုအပ်ကြောင်း “မြန်မာ့ငြိမ်းချမ်းရေးအား ကျောင်းသင်ရိုးညွန်းတမ်းမှရှုမြင်ခြင်း” အစီရင်ခံစာတွင်ဖော်ပြထားသည်။

“အနာဂတ်မှာ ပညာရေးသင်ရိုးညွန်းတန်းတွေ စဉ်းစားတဲ့အခါမှာ အကုန်လုံးက တန်းတူဖြစ်ဖို့လိုသလို အကုန်လုံးအကျူံးဝင်နိုင်အောင်စဉ်းစားဖို့လိုပါတယ်၊ လူမျိူးတစ်မျိူးရဲ့အမှတ်လက္ခဏာကိုဘဲ ဗဟိုပြုတာမဟုတ်ဘဲနဲ့ သက်ဆိုင်ရာလူမျိူးတွေရဲ့ ဖြစ်တည်မှု၊ သမိုင်း၊ ယဉ်ကျေးမှုတွေကို အသိအမှတ်ပြုတဲ့ သင်ရိုးညွန်းတမ်းတွေ သင်ခန်းစာတွေထည့်သွင်းဖို့ အများကြီးလိုအပ်ပါတယ်’’ အစီရင်ခံစာ ပြုစုရေးသားသူ သုတေသီ ဆလိုင်းမျိူးချစ်ကပြောသည်။

“မြန်မာ့ငြိမ်းချမ်းရေးအား ကျောင်းသင်ရိုးညွန်းတမ်းမှရှုမြင်ခြင်း” အစီရင်ခံစာကို သုတေသီ ဆလိုင်းမျိူးချစ်မှ ပြုစုရေးသား၍ ချင်းပညာရေးရှေ့ဆောင် (CEI) အဖွဲ့က ဇွန်လ တတိယပတ်ကထုတ်ဝေခဲ့ခြင်းဖြစ်သည်။

February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...