ပလက်ဝတွင် အခြေခံပညာကျောင်းပေါင်း (၂၀၀) နီးပါးဖွင့်နိုင်မည်မဟုတ်

ပလက်ဝတွင် အခြေခံပညာကျောင်းပေါင်း (၂၀၀) နီးပါးဖွင့်နိုင်မည်မဟုတ်

လားနွန် – စစ်မက်ဖြစ်ပွားရာဒေသ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် လာမည့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း (၂၀၀) နီးပါး ဖွင့်လှစ်နိုင်မည်မဟုတ်ကြောင်း သိရှိရသည်။

ပလက်ဝမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၃၉၁) ကျောင်းရှိသည့်အနက် ကျောင်းပေါင်း (၂၀၀) သာဖွင့်လှစ်နိုင်မည့်အနေအထားရှိပြီး  စစ်ဘေးဒဏ်ကြောင့် (၁၉၁) ကျောင်းဖွင့်လှစ်နိုင်မည်မ ဟုတ်ကြောင်း ပလက်၀ မြို့နယ်ပညာရေးမှူး ဆလိုင်းအောင်မင်းကပြောသည်။

“ကျောင်းများအားလုံးပြန်ဖွင့်နိုင်ဖို့ကတော့ မဖြစ်နိုင်ဘူး အခြေအနေကမပေးဘူး၊ သွားရေး လာရေးကလည်း အခုထိပိတ်ထားတာလည်းရှိသေးတယ်၊ သွားလို့မရတဲ့ကျောင်းတွေလည်းအများကြီးရှိတယ်၊ ပလက်ဝမြို့အနီး ကျေးရွာတွေကလည်း ပလက်ဝမြို့ပေါ်မှာ သူတို့အားလုံးတိုက်ပွဲရှောင်အနေနဲ့လာခိုလှုံကျတော့ ရွာမှာလည်း လူတွေမရှိတော့ဘူး အဲဒီအပိုင်းကလည်းရှိတယ်၊ တစ်ချို့ကျောင်းကျတော့ ဆရာ၊ဆရာမတွေ သွားလို့မရတဲ့အတိုင်းအတာရှိတယ်၊ လမ်းကခုထိမဖွင့်သေးတော့လေ’’ ဟု ပလက်ဝမြို့နယ် ပညာရေးမှူး ဆလိုင်းအောင်မင်းကပြောသည်။

ကျောင်းဖွင့်ရန်မဖြစ်နိုင်သည့်ကျေးရွာအများစုသည် ပလက်ဝမြို့၏ အနီးတဝိုက်တွင် တည်ရှိသောကျေးရွာများ ဖြစ်ကြပြီး  မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့တိုက်ပွဲကြောင့် နေ့ရပ်စွန့်ခွါကာ ပလက်ဝမြို့၊ ဆမီးမြို့တို့သို့ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည့်ကျေးရွာများဖြစ်ကြသည်ဟု သိရသည်။

ပလက်ဝမြို့နယ် ပညာရေးမှူး ဆလိုင်းအောင်မင်းက “ကျနော်တို့က ကျောင်းသားကျောင်းသူတွေအတွက် ဆုံးရှုံးမှုမရှိအောင်ကျနော်တို့စီစဉ်ထားပါတယ်။ အခုပြည်နယ်အစိုးရကလမ်းညွှန်တာက ယာယီကျောင်းဆောင်တွေကိုလုပ်ခိုင်းထားတယ်။ ကျနော်အခုလုပ်ငန်းကလည်းစနေပြီ။ သူတို့လည်း မြို့ပေါ်မှာ ယာယီကျောင်းဆောင်ဆောက်ပြီးတော့ အဲဒီမှာ ကျောင်းသားကျောင်းသူတွေမနစ်နာအောင် ကျနော်တို့က အဲဒီမှာကျောင်းတက်ခိုင်းမယ် ပေါင်းတက်ရမယ်။ ကျနော်တို့ သူတို့ပညာရေးမနစ်နာအောင် ပညာပြန်သင်လို့ရအောင် သူတို့ကရွာလည်းပြန်သွားလို့မရဘူး။ တစ်ချို့ရွာတွေကမရှိတော့ဘူး။ မီးလောင်တဲ့အထဲမှာပါတယ်။ တစ်ချို့ကလည်း ပျက်စီးသွားတဲ့အထဲမှာပါတယ်။ ဒါပေမဲ့ အခုကသူတို့က အားလုံးမြို့ပေါ်မှာပဲသူတို့နေတယ် သူတို့မြို့ပေါ်မှာနေတဲ့သားသမီးတွေကို မနစ်နာအောင်ကျနော်တို့ ပြည်နယ်အစိုးရလမ်းညွှန်းတဲ့အတိုင်းဆောင်ရွက်တယ်” ဟုပြောသည်။

သို့သော်လည်း ပလက်ဝမြို့နယ်တွင် တာဝန်ထမ်းဆောင်နေကြသော ကျောင်းဆရာ/ဆရာမ အယောက် (၂၀၀) ခန့်သည်လည်း တစ်ခြားမြို့နယ်နှင့်ဒေသများသို့ပြောင်းရွှေ့ခွင့်တင်ထား ကြသည့်အတွက် လာမည့် ကျောင်းဖွင့်ရာသီတွင် ကျောင်းဆရာ/ဆရာမ လိုအပ်ချက်မြင့်မားနေဦးဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

ချင်းပြည်နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၄၉၈) ကျောင်းရှိပြီး ပလက်ဝမြို့နယ်မှလွှဲ၍ ကျန်ရှိသည့်မြို့နယ်များအားလုံးသည် ပညာရေးဝန်ကြီးဌာနမှသတ်မှတ်ချက်အရ ကျောင်းများဖွင့်လှစ်အခက်အခဲမရှိကြောင်းသိရသည်။ သို့သော်လည်း ကျောင်းဆရာ/ဆရာမ လိုအပ်ချက်ကတော့ မြို့နယ်တိုင်းတွင်ရှိနေသည်ဟုသိရသည်။

February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...