KNU၏ ကိုဗစ် စောင့်ကြည့်ရေးစခန်းတွင် စားနှပ်ရိက္ခာ လိုအပ်ချက်ရှိနေ

KNU၏ ကိုဗစ် စောင့်ကြည့်ရေးစခန်းတွင် စားနှပ်ရိက္ခာ လိုအပ်ချက်ရှိနေ

စအိုင်ဆူး — KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်(တပ်မဟာ ၆) မှ ဖွဲ့စည်းထားသည့် COVID-19 အရေးပေါ် တုန့်ပြန် ရေးကော်မတီ၏ ကော့ကရိတ်မြို့နယ်ရှိ ရောဂါကာကွယ်ထိန်းချုပ် စောင့်ကြည့်ရေး စခန်း (Quarantine center) တွင် စားနှပ်ရိက္ခာ မလုံလောက်မှု အခက်အခဲရှိနေကြောင်း တာဝန်ရှိသူများက ဇွန် ၂၄ ရက်တွင်ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့မှစ၍ ယခင် ကော့ကရိတ်မြို့နယ် ရွာသစ်ကျေးရွာတွင် စတင်ဖွင့်လှစ်ထားသည့် စင်တာ၌ လူဦးရေ အနေအထားနှင့် နေရာအကျယ်အဝန်း အခက်အခဲကြောင့် ကော့ကရိတ်-မြဝတီသွားလမ်းမကြီးဘေးရှိ KNU စိုက်ပျိုးရေး နှင့်မွေးမြူရေးဌာနသို့ ပြောင်းရွှေ့နေရာချထားပြီး လက်ရှိတွင် ထိုင်းနိုင်ငံမှ နေရပ်ပြန် စောင့်ကြည့်လူဦးရေ (၄၈)ဦး ရှိနေကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်၊ ကိုဗစ် ထိန်းချုပ်ကာကွယ်ရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး စောအေးမြက “ကျနော်တို့ သိရသ လောက် ပြည်တွင်းမှာဝင်လာတဲ့ NGO တွေရဲ့ အကူအညီက အစိုးရ ဆီကိုပဲရောက်တယ်။ အဲ့ကနေ တစ်ဆင့် ကျနော်တို့ KNU ဗဟိုနဲ့ ခရိုင်နဲ့ ချိတ်ဆက်မှုတွေ လုပ်နေတယ်ပေါ့နော်။ သူတို့ ခရိုင်က ပံ့ပိုးတာ ဘာမှမရှိဘူး။ သို့သော်လည်းပဲ သူတို့ ဆီလည်း ဘာမှမရောက်လာသေးတဲ့ သဘောတော့ရှိတယ်။ အခုက ကျနော်တို့ဆီကို တိုက်ရိုက်ပံ့ပိုးတဲ့ အစီအစဉ်တွေ မရှိသေးဘူး” ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် လက်ရှိတွင် ကော့ကရိတ်မြို့နယ်၏ ဘတ်ဂျက်ငွေဖြင့်သာ စီစဉ်ဆောင်ရွက်နေပြီး အဆိုပါ ဖွင့်လှစ် ထားသည့် Quarantine Center ဆီသို့ အစိုးရဘက်မှ နေရပ်ပြန်သူများကို လာရောက်လွှဲပြောင်း ထားမှုရှိသလို ကျန်းမာရေးစစ်ဆေးမှု ကဏ္ဍတွင်သာ ပူးပေါင်းဆောင်ရွက်မှုရှိပြီး စားနပ်ရိက္ခာ ထောက်ပံ့မှု တစ်စုံတစ်ရာမရှိသေးကြောင်းနှင့် လတ်တလော ကိစ္စရပ်အတွက် ဒူးပလာယာခရိုင် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း စောအေးမြက ဆက်ပြောသည်။

အဆိုပါ Quarantine Center တွင် လတ်တလော ရောက်ရှိနေသူများသည် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ နေရပ်ပြန်လာ ကြသော ကရင်ပြည်နယ်အတွင်းနေထိုင်သူများဖြစ်ကာ အရွယ်ရောက်ပြီးသား အမျိုးသမီး၊ အမျိုးသားများအပြင် လသား အရွယ်ကလေးငယ်များပါဝင်နေကြောင်း သိရသည်။

KNU ဒူးပလာယာခရိုင်မှ COVID-19 အရေးပေါ် တုန့်ပြန်ကာကွယ် ထိန်းချုပ်ရေးအတွက် ခရိုင်အတွင်း ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ နေရပ်ပြန်ပြည်သူများအတွက် Quarantine Center ၃ ခုဖွင့်လှစ်ပေးထားကြောင်း ခရိုင်တာဝန်ရှိသူများ ထံမှ သိရသည်။

ထိုင်းနိုင်ငံဒေသအသီးသီးမှ မြန်မာရွှေ့ပြောင်းလုပ်သားများမှာ အကြောင်းအမျိုးမျိုးကြောင့် မြဝတီနယ်စပ်မှ တဆင့် ဒုတိယအကြိမ် မေလ ၂၃ ရက်မှ ယနေ့ ဇွန်လ တတိယအပတ်ထိ လူဦးရေ ၃၀,၀၀၀ ကျော် ပြည်တွင်း သို့ ပြန်လည်ဝင်ရောက်လာခဲ့ဖြစ်သည်။ ထိုအထဲတွင် ရောဂါပိုး တွေ့ရှိသူများလည်းရှိကာ ၎င်းရောဂါးပိုးတွေ့ရှိ သူများကို သက်ဆိုင်ရာ ဖားအံ၊ မော်လမြိုင်နှင့် ရန်ကုန်မြို့များသို့ ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...