ပလက်ဝစစ်ဘေးရှောင်ပြည်သူများထံ ရိက္ခာဆန်များဖြန့်ဝေ

ပလက်ဝစစ်ဘေးရှောင်ပြည်သူများထံ ရိက္ခာဆန်များဖြန့်ဝေ

နှင်းနှင်း – ဆက်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့ခံထားရသည့်အတွက် စားနပ်ရိက္ခာပြတ်လပ်နေကြသော ပလက်ဝမြို့ပေါ်ရှိ  စစ်ဘေးရှောင်ပြည်သူများနှင့် အနီးနားပတ်ဝန်းကျင်ကျေးရွာရှိ စစ်ဘေးဒဏ်ခံပြည်သူများကို ရိက္ခာဆန်များ ဇွန် ၂၃ ရက်ကစ၍ စတင်ဖြန့်ပေးနေပြီဟု ချင်းပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ်စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

“IDP camp (စစ်ရှောင်စခန်း) မှာ တဲ့သူတွေကိုတော့ တပတ်စာ စဖြန့်တယ်၊ မနက်တစ်ဗူး ညတစ်ဗူး ၁ရက်ကို၂ဗူးနှုန်းနဲ့ လူဦးရေအချိုးစားလိုက်ဖြန့်တယ်၊ ကျေးရွာတွေကိုကျတော့ မိသားစု ၃ စုကိုဆန်တအိတ်နှုန်း မိသားစု တစ်စုကိုဆန် ၈ ပြည်နှုန်းနဲ့ဖြန့်ပေးနေပါတယ်’’ ဟု ဝန်ကြီးဦးစိုးထက်ကပြောသည်။

ယခုဖြန့်ဝေသည့် ဆန်များသည် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ၊ ပြည်တွင်းပြည်ပအလှူရှင်များမှ လှူဒါန်း၍ လုံခြုံရေးအခြေအနေကြောင့် ဆမီးမြို့တွင်သောင်တင်နေသော ဆန်များဖြစ်ပြီး ပြီးခဲ့သည့်ဇွန်လ (၂၁) ရက်နေ့က မြန်မာ့တပ်မတော်ယာဉ်တန်းဖြင့် ပလက်ဝမြို့သို့ ပို့ဆောင်ခဲ့ကြခြင်းဖြစ်သည်။ စုစုပေါင်း ဆန်အိတ် (၃၅၂၈) အိတ်ဖြစ်သည်။

ပလက်ဝမြို့သည် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) အကြား စစ်ရေးပဋိပက္ခကြောင့် ဆမီးမြို့နှင့် ဆက်သွယ်သော ကုန်းလမ်းနှင့် ရခိုင်ပြည်နယ်ကျောက်တော်မြို့နှင့် ဆက်သွယ်သော ရေလမ်းကြောင်း ပြတ်တောက်သွားသည့်အတွက် မြို့ပေါ်သို့ရောက်ရှိနေကြသော စစ်ဘေးရှောင်ပြည်သူများအပါအဝင် မြို့ခံပြည်သူများကိုယ်၌လည်း ရိက္ခာပြတ်လတ်မှုဒဏ် ရင်ဆိုင်နေကြခြင်းဖြစ်သည်။

ယခုပလက်ဝမြို့သို့ရောက်ရှိ ဆန်အိတ် (၃၅၂၈) အိတ်သည် ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးရှောင်ပြည်သူများနှင့် အနီးနားပတ်ဝန်းကျင်ကျေးရွာ (၃၀) ခန့်တို့၏ တစ်လစာအတွက်သာ ဖူလုံနိုင်မည်ဖြစ်ပြီး အကူအညီများဆက်လက်လိုအပ်ဦးမည်ဟု ဝန်ကြီးဦးစိုးထက်ကပြောသည်။

“ပလက်ဝတစ်နယ်လုံးအတွက်ဆိုရင် ဆန်အိတ်က တစ်လကို အနည်းဆုံး ဆန်အိတ် ၈၀၀၀/ ၁၀၀၀၀ လောက်လိုတယ်၊ အခု (၃၅၀၀) ဆိုတာက ပလက်ဝမှာရှိတဲ့ ဒုက္ခသည်နဲ့ ပလက်ဝအရှေ့နောက်မှာရှိတဲ့ ကျေးရွာပေါင်း (၃၀) စာလောက်ရဲ့ တစ်လစာလောက်ဘဲရှိတယ်’’ ဟု ဝန်ကြီးကပြောသည်။

မတူပီ-ဆမီး-ပလက်ဝအကြား ကားလမ်းသည် မိုးတွင်းကာလရောက်ရှိလာပြီဖြစ်၍ သယ်ယူပို့ဆောင်ရေးပိုင်းတွင် ခက်ခဲမှုရှိလာပါက ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်တော်ဘက်မှ ရိက္ခာများပို့ဆောင်နိုင်ရန်လည်း စီစဉ်ထားသည်ဟု ၎င်းကဆက်ပြောသည်။

ယခုလက်ရှိ ပလက်ဝမြို့တွင် ဆန်တအိတ်လျှင်  ၆သောင်းခွဲ ၊ ၇သောင်းခန့်အထိ မြင့်တက်နေပြီး ချင်းပြည်နယ်အစိုးရအဖွဲ့မှ မြို့နယ်အလိုက် ဆန်အိတ် (၅၀၀) စီအရေးပေါ်ချထားသည့် ဆန်အိတ်များကို ဒေသခံပြည်သူများ သက်သက်သာသာဝယ်ယူနိုင်ရန်အတွက် တစ်အိတ်ကို (၃၀၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးရန်လည်း စီစဉ်ထားသည်ဟု ဝန်ကြီးဦးစိုးထက်ကပြောသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ပလက်ဝမြို့ပေါ်တွင် စစ်ဘေးရှောင် လူဦးရေ (၅၀၀၀) ကျော်နှင့် ဆမီးမြို့တွင် စစ်ဘေးရှောင်လူဦးရေ (၃၀၀၀) ခန့် တိမ်းရှောင်လျက်ရှိကြသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...