ကရင်ပြည်နယ်လွှတ်တော်တွင် မေးခွန်းမေးမြန်းမှု မရှိသေးသည့် ကိုယ်စားလှယ် ၁ဝ ဦးကျော်ရှိနေ

ကရင်ပြည်နယ်လွှတ်တော်တွင် မေးခွန်းမေးမြန်းမှု မရှိသေးသည့် ကိုယ်စားလှယ် ၁ဝ ဦးကျော်ရှိနေ

ကရင်ပြည်နယ်လွှတ်တော် ဒုတိယအကြိမ်လွှတ်တော်အစည်းအဝေး မှတ်တမ်းများအရ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦးတွင် ကြယ်ပွင့်ပြမေးခွန်းနှင့် ကြယ်ပွင့်မပြမေးခွန်းမေးမြန်းသူ ၁ဝ ဦးသာရှိပြီး ကျန်သည့်ကိုယ်စားလှယ် ၁၃ ဦးမှာ အဆိုနှင့် မေးခွန်းမေးမြန်းထားမှု မရှိသေးကြောင်း ပြည်နယ်လွှတ်တော် မှတ်တမ်းများအရ သိရသည်။

ကရင်ပြည်နယ်၏ ဒုတိယအကြိမ်မြောက် လွှတ်တော်ပထမပုံမှန်အစည်းအဝေးကို ၂ဝ၁၆ ခုနှစ် ဖေဖေါ်ဝါရီလ ၈ ရက်နေ့တွင် စတင်ကျင်းပခဲ့ပြီး ၂ဝ၂ဝ ပြည့်နှစ် ဇွန်လအထိ လွှတ်တော်အစည်းအဝေး ၂၂ ကြိမ် ကျင်းပပြီးစီးသွားကြောင်း ပြည်နယ်လွှတ်တော် တာဝန်ရှိသူထံမှ သိရသည်။

လွှတ်တော်တွင် မေးခွန်းအများဆုံး မေးမြန်းထားသူ မြဝတီမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က “ မေးခွန်းမေးမြန်းတာ အဆိုတင်သွင်းတာတွေကို အဓိကလုပ်ရမယ့် ကိစ္စပေါ့နော်။ တစ်ချို့ကိုယ်စားလှယ်တွေက သူတို့ဒေသအတွက် မေးခွန်းမမေးဖြစ်တာတွေ တွေ့ရတယ်။ မေးခွန်းမေးလိုက်တဲ့အပေါ်မှာ သက်ဆိုင်ရာအစိုးရအဖွဲ့က ရာနှုန်းပြည့် မဟုတ်ရင်တောင် ဒေသဖွံ့ဖြိုးရေးကိစ္စနဲ့ ပတ်သက်ပြီး တော်တော်များများ ဆောင်ရွက်ပေးနိုင်ခဲ့တယ်ပေါ့နော်” ဟု ဇွန်လ ၂၁ ရက်နေ့က ကေအိုင်စီ သို့ပြောသည်။

ကြယ်ပွင့်ပြမေးခွန်း ၄ဝ၃ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၁၇၂ ခုနှင့် အဆို ၃ ခုကို လွှတ်တော်အစည်းအဝေးထဲတွင် ကိုယ်စားလှယ်များမှ မေးမြန်းအဆိုတင်သွင်းခဲ့ပြီး ဥပဒေအသစ် ၁၂ ခု အတည်ပြုပြဌာန်းနိုင်ခဲ့သည်ဟု ပြည်နယ်လွှတ်တော်မှတ်တမ်းများမှ သိရသည်။

“ လွှတ်တော်အမတ်တစ်ချို့က ဝန်ကြီးနေရာယူထားတော့ မေးခွန်းမေးစရာ မရှိတော့ဘူးပေါ့လေ။ နောက်တစ်ပိုင်းက ပြည်သူ လူထုအရေးကို စိတ်ဝင်စားမှုအားနည်းတယ်လို့ ပြောလို့ရတယ်။ NLD အရှိန်ကြောင့်သာ တက်သွားတယ်။ သူတို့ရဲ့အရည်အချင်း အစစ်အမှန်က မပါလာဘူးလေ။ လူထုမေးခိုင်းရင်လည်း မေးလို့ရှိရင် ငါ့အတွက် အခက်ခဲများဖြစ်မလား  စိုးရိမ်မှုရှိတယ်လို့ပဲ ယူဆမိတယ်။ ပြည်သူ့ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ အရွေးခံတော့မယ်ဆိုရင် ပြည်သူ့အကျိုးကို ဆောင်ရွက်ဖို့ ရည် မှန်းထားတဲ့လူဖြစ်ဖို့ အရေးကြီးတယ်” ဟု ကရင်ရေးရာကော်မတီ အတွင်းရေးမှူး စောကျော်စွာက ဇွန်လ ၂၁ ရက်နေ့ ကေအိုင်စီ သို့ပြောသည်။

ကရင်ပြည်နယ်လွှတ်တော်တွင် ဒုလွတ်တော်ဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်း၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီး အောင်မြင့်ထွန်းနှင့် အခြားမြို့နယ်ရှိ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁ဝ ဦးက မေးခွန်းပေါင်း ၅၇၅ ခု၊ အဆို ၃ ခု မေးမြန်းခဲ့ကြသည်ဟု လွှတ်တော်မှတ်တမ်းများအရ သိရသည်။

ဒုတိယအကြိမ်မြောက် ကရင်ပြည်နယ်လွှတ်တော်၏ ၄ နှစ် ကျော်ကာလအတွင်း လွှတ်တော်ပုံမှန်အစည်းအဝေး ၁၄ ကြိမ်၊ အထူးအစည်းအဝေး ၂ ကြိမ်၊ အရေးပေါ်အစည်းအဝေး ၆ ကြိမ် ကျင်းပခဲ့ပြီးဟု ပြည်နယ်လွှတ်တော် တာဝန်ရှိသူထံမှ သိရ သည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...