အထောက်အထားမပြည့်စုံသူ နေရပ်ပြန်များ ငွေကြေးတောင်းခံမှု မပေးနိုင်၍ အချုပ်ကျခံနေရ

အထောက်အထားမပြည့်စုံသူ နေရပ်ပြန်များ ငွေကြေးတောင်းခံမှု မပေးနိုင်၍ အချုပ်ကျခံနေရ

နေနော် — ကမ္ဘာ့ကပ်ရောဂါ Covid-19 အရေးပေါ်ကာလအတွင်း နေရပ်မြန်မာနိုင်ငံသို့ ပြန်လာသော ရွှေ့ပြောင်းလုပ်သား များအနက် ပတ်စ်ပို့နှင့် စာရွက်စာတမ်း မပြည့်စုံသူများကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြဝတီ အမှတ် ၂ ချစ် ကြည်ရေးတံတား ထိုင်းဘက်ခြမ်း၌ တာဝန်ရှိသူများက ငွေကြေးတောင်းခံမှုများရှိရာ မပေးနိုင်၍ အချုပ် ကျခံရသူ အများအပြားရှိကြောင်း နေရပ်ပြန်လာသူများက ပြောသည်။

ထိုင်းနိုင်ငံအတွင်းရှိ စက်ရုံအလုပ်ရုံများ ကုန်ကြမ်းပြတ်လပ်ခြင်း၊ ကုန်ချေတင်ပို့ ရောင်းချမှု အဆင်မပြေခြင်း တို့ကြောင့် လနှင့်ချီ အလုပ်ရပ်နားထားရ၍ နေရပ်သို့ ပြန်လာစဉ် ထိုင်းဘက်ခြမ်း၌ တာဝန်ရှိသူများက ဘတ်ငွေ ၁,၀၀၀ တောင်းရာ မပေးနိုင်၍ အချုပ်သုံးရက်ကျခဲ့ရသည်ဟု နေရပ်ပြန် မြန်မာရွှေ့ပြောင်း အလုပ်သမားတစ်ဦးက ယခုလို ပြောသည်။

“ဇွန် ၁၅ ရက်နေ့က လာတယ်။ ၁၆ရက်နေ့ မှာ အမှတ် (၂) ချစ်ကြည်ရေးတံတား(ထိုင်းဘက်)ကို ရောက်တယ်။ အထောက်အထား မပြည့်စုံလို့ ဒဏ်ငွေ တစ်ထောင်ရိုက်တယ်၊ သမီးတို့က မပေးနိုင်ဘူး၊ ဘတ်တစ်ထောင်မပေး နိုင်တော့ သုံးရက်အချုပ်ကျပါတယ်ရှင့်၊ ဘယ်သူတောင်းလဲတော့မသိဘူး။ ဗမာစကားပြောတဲ့သူပဲတောင်းတာ၊ မပေးနိုင်တော့ အမှတ်(၁) တံတားဘက်ကိုခေါ်သွားပြီး အချုပ်မှာ သုံးရက်ထိန်းသိမ်းထားတယ်။ ”ဟု ၎င်းက ပြောသည်။

ထို့အပြင် ၎င်းနှင့်အတူ အမှတ် ၂ ချစ်ကြည်တံတား ထိုင်းဘက်းခြမ်း၌ ငွေကြေးမပေးနိုင်၍ အချုပ်ကျခံခဲ့ရသူ လေးဆယ်ခန့်ရှိသည်ဟုလည်း အဆိုပါ နေရပ်ပြန်အလုပ်သမက  ဖြည့်စွက်ပြောသည်။

အလုပ်ပိတ်ထားသည့်အတွက် လုပ်အားခမရဘဲ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်း ၁၇ ဦး နှင့်အတူ နေရပ်သို့  ပြန်လာသည့် အသက်၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးကလည်း “တံတားမှာ ပိုက်ဆံတောင်းတာမပေးနိုင်လို့ အဖမ်းခံခဲ့ရတယ်။ ထိုင်းဘက်က တောင်းတာ၊ တစ်ထောင်တောင်းတာ၊ အလုပ်မရှိတော့ သူဌေးကလည်း ပိုက်ဆံမပေးဘူး၊ ပိုက်ဆံလည်းမရှိတော့ သူတို့ကို မပေးနိုင်တဲ့အတွက် အချုပ်ထဲထည့်တယ်။ ၇ ရက်ထိနေခဲ့ရပါတယ်။” ဟု ပြောသည်။

COVID-19 အရေးပေါ်ကာလတွင် ဒုက္ခဖြစ်ပြီး နေရပ်သို့ ပြန်လာသူ မြန်မာလုပ်သားများကို မလိုအပ်ဘဲ အချုပ်ထဲ မထည့်စေလိုကြောင်းနှင့် ယခုလို ဒုက္ခများသည့်အချိန်တွင်ထပ်ပြီး ဒုက္ခမပေးစေလိုကြောင်း မြဝတီ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာ အောင်က ပြောသည်။

“ကိုဗစ်အရေးပေါ်ကာလမှာ ကန့်သတ်ချက်တွေရှိသလို ကင်းလွှတ်ခွင့်တွေလည်းပေးထားပါတယ်။  အဲကင်း လွှတ်ခွင့်ကို ရစေချင်တယ်။ ဒီလူတွေက ကျန်တဲ့နေရာ သွားမှာလည်း မဟုတ်ဘူး။ ပေးထားတဲ့ လမ်းကြောင်းက နေပြန်မှာ။ ဒီလိုအခြေအနေမှာ မလို အပ်ဘဲ အချုပ်ခန်းထဲ မထည့်စေချင်ဘူး၊ ထည့်လိုက်ခြင်း အားဖြင့် ဘာဖြစ် လဲဆိုတော့ ကျနော်တို့နိုင်ငံသားတွေဟာ တကယ်ပင်ပန်း ဆင်းရဲခံပြီးသွားပြီးတော့ ရှာရတာ၊ ဒီလောက် ဒုက္ခတွေများနေတဲ့အချိန် တည့်တည့်ပြောရရင် ထပ်ပြီးတော့ဒုက္ခမပေးစေချင်ဘူး။ ဒီဟာလေးတွေကို အကောင်းဆုံးဖြစ်အောင်တော့ ဆောင်ရွက်နေပါတယ်”ဟု ခရိုင်အုပ်ချုပ်ရေးမှူးက ပြောသည်။

မြဝတီ နယ်စပ် အမှတ်(၂) ချစ်ကြည်ရေးတံတားကတစ်ဆင့် Covid-19 အရေးပေါ်ကာလအတွင်း နှစ်နိုင်ငံ တာဝန်ရှိသူများ၏ ညှိနှိုင်းမှုအရ မေလ ၂၃ရက်မှ ဇွန်လ ၉ ရက်နေ့ထိ မြန်မာရွှေ့ပြောင်းလုပ်သား စုစုပေါင်း လူဦးရေ ၃၀၀၀၀ ကျော်  ပြန်လည် ဝင်ရောက်ခဲ့ပြီဟု သိရသည်။ ထိုသို့ ပြန်လာသူများအနက် စာရွက်စာတမ်း အထောက်အထား မပြည့်စုံသူအများအပြားမှာ ထိုင်းဘက်ခြမ်းမှ ငွေကြေးတောင်းခံမှုကို မပေးနိုင်၍ ယခုလို အချုပ်ကျခံခဲ့ရမှုနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်ဟု ဆိုကြသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...