ဆောင်းဇာခြည် — ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ မကျေးငူကျေးရွာအုပ်စုနှင့် တောင်ပေါက်ကျေးရွာအုပ်စုတို့မှ သိမ်းဆည်းထားသည့် မြေဧက ၄ဝ၅ ဒဿမ ၅၆ ဧကအား ပြည်နယ်အစိုးရအဖွဲ့မှ ဇွန် ၁၉ ရက်နေ့ ပြန်လည် ပေးအပ်လိုက်ကြောင်း သိရသည်။
၎င်းပေးအပ်ပွဲကို အခမ်းအနားပြုလုပ်ပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ တက်ရောက် လွှဲအပ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
မကျေးငူအုပ်စုမှ မကျေးငူ၊ ရွှေယချိုင်၊ တာလောင်ကြီး၊ ကြောက်ကြီးကျင်းကျေးရွာနှင့် တောင်ပေါက်အုပ်စုမှ တောင်ပေါက်ကျေးရွာ စသည့်ကျေးရွာများမှ မူလပိုင်ရှင် လယ်သမားများထံ ပြန်လည် လွှဲအပ်ပေးခဲ့ခြင်း ဖြစ်ကြောင်း မကျေးငူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဆန်းလွင်က ပြောသည်။
ဦးဆန်းလွင်က “အဲဒီမြေတွေက ကျွန်တော်တို့ ဘိုးဘွားပိုင် လက်ထက်ကတည်းက အစိုးရက ပုစွန်လုပ်ငန်း လုပ်မလို့ သိမ်းသွားတာ။ အဲဒီမှာ တစ်ယောက်ဆီက ဧက ၅ဝ ဆိုရင် အဲဒီ ၅ဝ ကို ပြန်ပေးတယ်။ ပြောချင်တာက သူတို့ သိမ်းသွားတဲ့ မြေဧကအတိုင်း ပြန်ပေးတယ်ပေါ့။ သိမ်းသွားကတည်းက ဘာနစ်နာကြေးမှလည်း မရခဲ့ဘူး။ အဲဒီအစား မြေဧက အစားထိုးပေးခဲ့တာလည်း မရှိဘူးပေါ့နော်။ အခုမှ ပြန်ပေးတာပါ” ဟု နိရဉ္စရာသို့ ပြောသည်။
၁၉၈၉ ခုနှစ်က ငါးလုပ်ငန်းဦးစီးဌာနမှ ရေငန်ပုစွန်သားပေါက် အသားတိုးမွေးမြူရေး လုပ်ငန်းဆောင်ရွက်ရန် မြေ ၄ဝ၅.၅၆ ဧကအား သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး ယင်းမြေဧကများ၏ မူလပိုင်ရှင် ၆၄ ဦးတို့ထံ ပြန်လည် ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပု၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။
ယင်း မြေဧကများ ပြန်လည်လွှဲပြောင်းပေးသည့် အခမ်းအနားကို ဇွန်လ ၁၉ ရက် နံနက် ၈ နာရီခန့်က ဂွမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိအစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းလည်း ဖော်ပြထားသည်။
ကချင်ပြည်နယ်တွင် စာရင်း မကောက်ရသေးသဖြင့် ယင်းပြည်နယ်မှလွဲ၍ ကျန်ပြည်နယ် ခြောက်ခုအနက် ရခိုင်ပြည်နယ်သည် စစ်တပ်က မြေယာသိမ်းဆည်း ထားမှု အများ ဆုံးဖြစ်ကြောင်း ၈၈ မျိုးဆက် (လယ်ယာစီးပွားနှင့် တောင်သူ လယ်သမား ရေးရာဌာန) က ၂ဝ၁၈ ခုနှစ်က ကောက်ယူထားသည့် စစ်တမ်းတွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်တွင် မြေယာ ပြဿနာအမှုပေါင်း ၈ဝ ကျော် ရှိ သည့်အနက် စစ်တပ်က သိမ်းဆည်းမှု ၃၄ မှု၊ ကျေးရွာအုပ်ချုပ် ရေးပိုင်းက သိမ်းဆည်းမှု ၂၁ မှု၊ ကုမ္ပဏီက သိမ်းဆည်းမှု ကိုးမှု၊ ဝန်ကြီးဌာနက သိမ်းဆည်းမှု ငါးမှု၊ စီးပွားရေးလုပ်ငန်းရှင်က သိမ်းဆည်းမှု တစ်မှု၊ လယ်မြေအငြင်း ပွားမှု နှစ်မှု၊ အရာရှိဇနီးများက သိမ်းဆည်းမှု နှစ်မှု၊ ရဲစခန်းကသိမ်းဆည်းမှု နှစ်မှု၊ စီမံကိန်းအဖြစ် သိမ်းဆည်းမှု နှစ်မှု၊ ရဲဘော်ဟောင်းများက သိမ်းဆည်းမှု တစ်မှုနှင့် ကျေးရွာမြေ စိစစ်ရေး ဌာနက ဆုံးဖြတ်ချက်ကို မနာခံမှု တစ်မှုတို့ဖြစ်ပွားနေကြောင်း ၎င်းစစ်တမ်းတွင် ဖော်ပြသည်။
၂ဝ၁၆ ခုနှစ်မှ စပြီး ရခိုင်ပြည်နယ်မှ သိမ်းဆည်းခံရမြေများနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီသို့ တင်ပြတိုင်ကြားလာသည့် အမှုပေါင်း ၃ဝဝ ကျော် ရှိကြောင်း သိရသည်။
၂ဝ၁၈ အောက်တိုဘာလတွင် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် တပ်ရိက္ခာ ဖူလုံရေး အကြောင်းပြချက်ဖြင့် သိမ်းယူထားသည့် မြေဧက ၃ဝဝ.၁၈ ဧကကို မူလပိုင်ရှင် များထံသို့ နိုင်ငံတော် အစိုးရမှ တဆင့်တပ်မတော်က ပြန်လည် ပေးအပ်ခဲ့သော်လည်း သိမ်းဆည်းမြေ အများအပြားကျန်သေးကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း အစိုးရ အဆက်ဆက် လက်ထက်တွင် တပ်မတော်က သိမ်းဆည်းထားသော လယ်ယာမြေ ဧကပေါင်း (၃၇ဝဝဝ) သုံးသောင်း ခုနစ်ထောင်ခန့် ရှိကြောင်း၊ ယခုအခါတွင် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင် အစရှိသော မြို့နယ်များမှ သိမ်းဆည်း ထားသော လယ်ယာမြေအချို့အား ပြန်လည် ပေးအပ်မည် ဖြစ်ကြောင်း ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့ထုတ် Eleven Media Group သတင်းတစ်ပုဒ်အရ သိရသော်လည်း လက်ရှိတွင် မည်မျှ ပြန်လည် ပေးအပ်သည်ကို မသိရှိရသေးပါ။
ယင်းလယ်မြေသိမ်းကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်အား မေးမြန်းရန် နိရဉ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။







